ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈ ။ ။ မငြိမ်မသက်မှုများဖြစ်နေသည့် ထိုင်းတောင်ပိုင်းတွင် ကျောင်းဆရာဆရာမများအား လုံခြုံရေးလိုက်လံစောင့်ရှောက်မှုပေးနေသည့် စစ်ကင်းလှည့်အဖွဲ့အား လမ်းဘေးဗုံးခွဲတိုက်ခိုက်ခံရသဖြင့် အသက် ၂၂ နှစ်ရှိ စစ်သားရဲဘော်တစ်ဦးသေဆုံးကာ အခြားကင်းလှည့်တာဝန်ယူရသည့် ရဲဘော်တစ်ဦးလည်း ဒဏ်ရာရသည်။
နာဝါသီဝတ်ပြည်နယ် ဘာချိုခရိုင်အတွင်းတွင် ကျောင်းဆရာဆရာမများ ကျောင်းတက် ကျောင်းပြန်လမ်းတစ်လျှောက်ပါ စစ်သားများက လိုက်လံလုံခြုံရေးယူပေးနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ ကင်းလှည့်လုံခြုံရေးယူပေးနေသည့် စစ်သားခြောက်ဦးကို အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနက ပြောသည်။
“လမ်းဘေးတွင် မသင်္ကာဖွယ်ပစ္စည်းကို တွေ့ရှိပြီး စစ်သားများက ရပ်က စစ်ဆေးစဉ် အဝေးထိန်းခလုတ်ဖြင့် ဗုံးကို ဖောက်ခွဲလိုက်တာပဲဖြစ်တယ်။”ဟု ဘာချိုရဲဌာန တာဝန်ရှိသူ ဘွန်းခါးက အေအက်ဖ်ပီ သို့ ပြောခဲ့သည်။ ဒဏ်ရာရစစ်သားရဲဘော်အား ဆေးရုံတင်ပို့ထားကြောင်းလည်း ၎င်းက ပြောသည်။
မလေးရှားနှင့် နယ်စပ်ယင်းဒေသတွင် နေ့စဉ်နှင့်နီးပါး အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာမျှ ကြာမြင့်ပြီး လူပေါင်း ၆၅၀၀ ကျော်ထက်မနည်း အသက်သေဆုံးခဲ့ရပြီဖြစ် သည်။ ထကြွသောင်းကျန်းသူများက ထိုင်းနိုင်ငံမှ ယင်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပိုမိုရရှိရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။
သောင်းကျန်းသူအစွန်းရောက်များက လုံခြုံရေးတပ်ဖွဲ့များ၊ ကျောင်းဆရာမများနှင့် အခြားအရပ်သားများကို ပစ်မှတ်ထားကာ ဗုံးခွဲခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများဖြင့် ဦးတည်တိုက်ခိုက်လျက် ရှိနေခြင်းဖြစ်သည်။