ထိုင်ဝမ်အစိုးရဝက်ဘ်ဆိုက်များပေါ်၌ ဟက်ကာများက တရုတ်အလံပုံများ တင်ထား

By ANI
10 August 2022
ထိုင်ဝမ်အစိုးရဝက်ဘ်ဆိုက်များပေါ်၌ ဟက်ကာများက တရုတ်အလံပုံများ တင်ထား

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ဟက်ကာများသည် ထိုင်ဝမ်တစ်ဝန်းရှိ ဒေသန္တရအစိုးရအေဂျင်စီများစွာ၏ ဝက်ဘ်ဆိုက်များတွင် တရုတ်အလံကို တင်ထားကြသည်။

တရုတ်က ဩဂုတ် ၄ ရက်မှ စတင်၍ ထိုင်ဝမ်ပတ်လည်တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်စဉ် တရုတ်ဟက်ကာများက ဂေါင်ရွှန်းမြို့အစိုးရ၏ ဝက်ဘ်ဆိုက်ပေါ်၌ တရုတ်အလံပုံကို ဩဂုတ် ၅ ရက်မှ ဩဂုတ် ၆ ရက်မနက်ပိုင်းအထိ တင်ထားခဲ့ကြောင်း Taiwan News က ဖော်ပြသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့ဝက်ဘ်ဆိုက်သည် ဩဂုတ်လ ၂ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် နာရီအနည်းငယ်မျှ ပြတ်တောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ဆာဗာကို ပျက်သွားစေရန် တရုတ်နှင့် ရုရှား IP လိပ်စာများဖြင့် တစ်မိနစ်လျှင် အကြိမ်ရေ ၁၇ သန်းခန့်အထိ ကြိုးပမ်းအားထုတ်မှုများရှိခဲ့ကြောင်း ဝန်ကြီးဌာနကပြောသည်။

ထို့ကြောင့် ဗဟိုအစိုးရအေဂျင်စီများအနေဖြင့် အန္တရာယ်ရှိသောအင်တာနက်လှုပ်ရှားမှုများအတွက် သတိကြီးကြီးထားရန် ညွှန်ကြားထားသည်။

ဗဟိုအစိုးရအေဂျင်စီများအား ဩဂုတ် ၅ ရက်မှ ဩဂုတ် ၈ ရက်အထိ ဝက်ဘ်ဆိုက်များကို စောင့်ကြည့်ရန်နှင့် ပြဿနာများကို ကက်ဘိနက်အဖွဲ့များသို့တင်ပြရန် ညွှန်ကြားထားကြောင်း အဆိုပါဖြစ်စဉ်နှင့်နီးစပ်သူများက Taiwan Newsသို့ ပြောသည်။

ဝက်ဘ်ဆိုက်တစ်ခုချိုးဖောက်ခံရပါက ချက်ချင်းဖြုတ်ချပစ်ရမည်ဟု ဩဂုတ် ၅ ရက်ထုတ် ကက်ဘိနက်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာညွှန်ကြားချက်များတွင် ဖော်ပြထားသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး တွင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများမြင့်တက်လာခဲ့သည်။

တရုတ်စစ်လေယာဉ်များနှင့်သင်္ဘောများစွာကို ထိုင်ဝမ်ရေလက်ကြားဝန်းကျင်တွင် တွေ့ရှိရပြီး ထိုင်ဝမ်ပင်မ ကျွန်းကို သဏ္ဌာန်တူတိုက်ခိုက်မှုပြုလုပ်ခဲ့သလို အချို့သည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်သန်း ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၆ ရက်တွင် ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required