ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံများ ထိခိုက် သေဆုံးမှုရှိ

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှ နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ်မီးရှို့၊ ဒေသခံများ ထိခိုက် သေဆုံးမှုရှိ

ဩဂုတ် ၁၀

ကချင်(မဇ္စျိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ နေအိမ် ၄၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည့်အပြင် ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးမှုရှိကြောင်း ဆယ်ဇင်းဒေသခံ များကပြောသည်။

KIA တပ်ရင်း (၂၆)နယ်မြေဖြစ်သည့် ဆယ်ဇင်းကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၉ ရက် နေ့လည် ၁၂ နာရီကျော်မှစတင်၍ တိုက်ပွဲပြင်းထန်ကာ စစ်‌ကောင်စီတပ်က တိုက်‌လေယာဥ်များအသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆယ်ဇင်းကျေးရွာမှ ဒေသခံများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် မီးလောင်ဗုံးများကြဲချရာမှ ဆယ်ဇင်း ကျေးရွာ စတင်မီးလောင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ည ၈ နာရီလောက်ရောက်တော့ လေယာဉ်ပျံနဲ့လာပြီး မီးလောင်ဗုံးလာချသွားတာ။ ပြေးနေရတာက တစ်ကြောင်း၊ ညမှောင်နေတာကတစ်ကြောင်း လေယာဉ်ဘယ်နှစီးလာပြီး၊ ဗုံးဘယ်လောက်လာချသွား တယ်ဆိုတာ ပြောလို့မရဘူး။ လူနေအိမ်တွေမီးလောင်တော့ ရွာသားတွေက လေးလုံးထိုးရေစုတ်စက်တွေ နဲ့ မီးလောင်တာကို ပြန်ထိန်းနိုင်ခဲ့တာ။ ဒါပေမယ့် မီးထိန်းနိုင်လို့မှမကြာဘူး စစ်ကိုင်းဘက်က စစ်ကူ ပြန်တက်လာတဲ့ စစ်သားတွေ(စစ်ကောင်စီတပ်သား)နဲ့ ရှမ်းနီအဖွဲ့တွေ ရွာထဲဝင်ပြီး တစ်အိမ်ပြီးတစ်အိမ် မီးရှို့လိုက်ကြတယ်။ ရွာသားတွေကိုလည်း ပစ်တယ်။ ရွာသားတွေလည်း အဲဒီမှာထိပြီး သေကုန်တာ။ အခု တော့ ရွာလည်း ရွာပျက်ဖြစ်သွားပြီ" ဟု ဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ခတ်မှုပြုလုပ်ခြင်းဖြစ် ကြောင်း၊ ကေအိုင်အေနှင့်တိုက်ပွဲဖြစ်ပွားနေသည့်စစ်ကောင်စီတပ်ဘက်မှ ရှမ်းနီအမျိုးသားတပ်မတော် (SNA) က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာသည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်သော ရွာကြီးတစ်ခုဖြစ်ပြီး ယမန်နေ့ညက ထိခိုက်သေဆုံးသူအများစုသည် ရှမ်းနီတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံ ၃၀ ဦးထက်မနည်း ပစ်ခတ်ခံရခြင်းနှင့် မီးရှို့ခံရခြင်းများကြောင့် သေဆုံးမှု ရှိနိုင်သည်ဟု မြေပြင်သတင်းအခြေအနေကို နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ပိတ်မိနေသည့်ဒေသခံအချို့မှာ နေထိုင်ရေးနှင့် အစားအသောက်များအတွက် အခက်အခဲကြုံနေရသည့် အပြင် စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့က အပြင်ထွက်ခွင့်မပေးကြောင်းကို ၎င်းကထပ်မံပြောပြသည်။

ပစ်ခတ်မှုများ ရှိနေသေးသည့်အတွက် ထပ်မံထိခိုက်မှုများ ရှိနေနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။

ဆယ်ဇင်းကျေးရွာ မီးလောင်ဗုံးဖြင့်တိုက်ခိုက်ခံရခြင်း၊ ရှမ်းနီတိုင်းရင်းသားများပစ်ခတ်ခံရခြင်းနှင့်ပတ် သက်ပြီး KIO သတင်းပြန်ကြားရေးနှင့် SNA ဘက်သို့လည်း Mizzima မှဆက်သွယ်ခဲ့ရာ လက်ရှိအချိန်ထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#ဆယ်ဇင်းကျေးရွာ

#မီးလောင်ဗုံး

#ရှမ်းနီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly