မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ် ရာဇဝတ်မှုများ အဆုံးသတ်ရေးအတွက် အာဆီယံက ပြန်လည်အစပြု ချည်းကပ်ရန် လိုအပ်ဟု AI ပြော 

မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ် ရာဇဝတ်မှုများ အဆုံးသတ်ရေးအတွက် အာဆီယံက ပြန်လည်အစပြု ချည်းကပ်ရန် လိုအပ်ဟု AI ပြော 

ဩဂုတ် ၉

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ၅၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ပြုလုပ်စဉ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး (AI) အဖွဲ့က အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများနှင့် တိုးများလာသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်ရေး ၂၀၂၁ ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ဘုံသဘောတူညီချက် ငါးရပ် မအောင်မြင်ကြောင်းကို ဝန်ခံရန် ဩဂုတ် ၈ ရက်၌ တိုက်တွန်းပြောဆိုသည်။ 

“အာဆီယံအနေနဲ့ အစွမ်းအစမဲ့ အဖွဲ့အစည်းတစ်ရပ်မဟုတ်ဘူးဆိုတာ သက်သေပြရမယ်၊ မြန်မာစစ်တပ်ဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံရလာအောင် ပြတ်ပြတ်သားသား လုပ်ဆောင်ရမှာ ဖြစ်တယ်၊ မြန်မာစစ်တပ်ဟာ လက်သွေးစွန်းနေတာ ဆယ်စုနှစ်တွေ ကြာမြင့်နေပြီ၊ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ အကျိုးဆက်ကို မရင်ဆိုင်ရဘူးဆိုရင် မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်အိုးအိမ်နဲ့ အခွင့်အရေးတွေပေါ် ဆက်လက်နင်းခြေစော်ကားနေဦးမှာ ဖြစ်တယ်”ဟု AI အဖွဲ့၏ စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ လက်ထောက် ဒေသတွင်း ညွှန်ကြားရေးမှူး မင်းယုဟာက ပြောသည်။ 

“မြန်မာစစ်တပ်ရဲ့ မတရား တရားစီရင်ပြီး သေဒဏ်ပေး ကွပ်မျက်တာ၊ တရားလက်မဲ့ သတ်ဖြတ်တာနဲ့ နှိပ်စက်ညှင်းပန်းတာတွေအပါအဝင် ဖြစ်ပွားနေဆဲ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်နှာမူပြီး အာဆီယံအနေနဲ့ အရေးယူတဲ့ ပိုပြီး ပြန်လည်အစပြုတဲ့ လမ်းကြောင်းကို အလျင်အမြန် ဖော်ဆောင်ရမှာ ဖြစ်တယ်၊ ဒါမှပဲ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက သူတို့တွေ ကျူးလွန်တဲ့ အရှိန်မြင့် ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဖိနှိပ်ချေမှုန်းမှုတွေ စစ်ခေါင်းဆောင်တွေက အဆုံးသတ်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

ယခု သတင်းစကားကို  ပိုမိုအားဖြည့်ရန် AI အဖွဲ့သည် ဂျကာတာရှိ အာဆီယံ အဆောက်အအုံ၌ “အာဆီယံ အခု အရေးယူသင့်တယ်” ဆိုသော စာသားအား တနင်္လာနေ့တွင် ပရောဂျက်တာထိုး ပြသခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီမှစကာ မြန်မာစစ်တပ်သည် နိုင်ငံအဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို စနစ်တကျ ဖြိုခွဲနှိမ်နင်းပြီး နေအိမ်စွန့် ထွက်ပြေးရသူ ၇၀၀,၀၀၀ ဝန်းကျင်ရှိကာ လူပေါင်း ၂,၀၀၀ ကျော်ထက်မနည်းကို သတ်ဖြတ်ပြီး ၁၅,၀၀၀ နီးပါးကို ဖမ်းဆီးထားခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required