ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား ပြင်းထန်တိုက်ပွဲဖြစ်ပွါး၍ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး

By ပါခွီး
09 August 2022
ဟားခါးမြို့နှင့် ထန်တလန်မြို့ကြား ပြင်းထန်တိုက်ပွဲဖြစ်ပွါး၍ စစ်ကောင်စီတပ်သား ၃ဦးသေဆုံး

နယူးဒေလီ(မဇ္ဈိမ)

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား မိုးအဆက်မပြတ်ရွာသွန်း၍ ရာသီဥတုဆိုးရွားနေသည့်ကြားက ပြင်းထန်တိုက်ပွဲများဆက်ရှိနေပြီး ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့ စနိုက်ပါနဲ့ ပစ်ခတ်တဲ့အတွက် သုံးယောက်သေတာ သိရတယ် ။ ရာသီဥတုက ကျနော် တို့ဘက်မှာရှိနေတော့ စစ်ကောင်စီတပ်တွေ ရှေ့တိုးလို့မရဘူးဖြစ်နေတယ် ။ ဒါပေမဲ့ ဟားခါးကနေလက်နက်ကြီးပစ်ကူပြီး ရှေ့တိုးဖို့ကြိုးစားနေတာရှိတယ်” ဟု ချင်းအမျိုးသားတပ်မတော် (CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောသည်။

ဟားခါး - ထန်တလန်အကြား သီးမြစ်ချောင်း အောက်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး
ဩဂုတ်လ ၇ရက်နေ့တွင် စစ်ကောင်စီတပ်က ဟားခါးမြို့မှ ၁၂၂မမ ဖြင့် အကြိမ်ရေများစွာ ပစ်ခတ်ခဲ့ပြီး မြေပြင်မှရှေ့သို့ တက်ရန်ကြိုးစား၍ ချင်းကာကွယ်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးကြောင်း အတည်ပြုနိုင်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် အဆိုပါ သီးမြစ်ချောင်းအောက်ပိုင်းမှ တောင်ပေါ်တွင် နေရာယူထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်ရန်ကြိုးစား နေခြင်းဖြစ်ပြီး ရာသီဥတု ဆိုးရွားခြင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များမှ ကြံ့ကြံ့ခံ ခုခံနေသဖြင့် စစ်ကောင်စီတပ်က ရှေ့မတိုးနိုင် ဖြစ်နေရကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၈ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် စာရင်းစစ်ရုံးနှင့် စာသင်ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ချင်းကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအား မသိရသေးကြောင်း ဆိုသည်။

သီးမြစ်တံတားအား ပြင်ဆင်ရန်အတွက် ထွက်ခွာလာသော အင်အား ၇၀ကျော်ပါသော စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည်လည်း ဟားခါးမြို့အထွက်ရှိ သင်္ချိုင်းကုန်း တောင်ပေါ်မှ ရှေ့ဆက်၍မရ သည့် အခြေအနေရှိနေကြောင်း သိရသည်။

သီးမြစ်တံတားအား ပြင်ဆင်ရန် စစ်ကောင်စီက ကြိုးစားနေပြီး ယင်းတံတား ပြင်ဆင်နိုင်ပါက ထန်တလန်မြို့သို့ စစ်ကူနှင့် ရိက္ခာများ မြေပြင်မှ အလွယ်တကူ ပို့ပေးနိုင်ပြီး ချင်းပြည်နယ် အလယ်ပိုင်းသို့လည်း လျှင်မြန်စွာရွှေ့လျား စစ်ကစားနိုင်မည် ဖြစ်သောကြောင့် စစ်ရေးအရ အရေးပါသဖြင့် ဆက်လက်ပြီး တိုက်ပွဲများပြင်းထန်လာဖွယ်ရှိကြောင်း သိရသည်။

စာတည်း ။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်
#စစ်ကောင်စီတပ်
#ထိတွေ့တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly