ထိုင်ဝမ်ကို သိမ်းယူပြီးပါက  ပြန်လည်သင်ကြားမှု လုပ်ဆောင်မည်ဟု တရုတ်သံအမတ်၏ ပြောကြားချက်အပေါ် ဥရောပနှင့် အမေရိကန်အရာရှိများက ပြစ်တင်ရှုတ်ချ

By Taipei Times
07 August 2022
ထိုင်ဝမ်ကို သိမ်းယူပြီးပါက  ပြန်လည်သင်ကြားမှု လုပ်ဆောင်မည်ဟု တရုတ်သံအမတ်၏ ပြောကြားချက်အပေါ် ဥရောပနှင့် အမေရိကန်အရာရှိများက ပြစ်တင်ရှုတ်ချ

တရုတ်က ထိုင်ဝမ်ကို သိမ်းယူပြီးပါက ပြန်လည်သင်ကြားမှု ပြုလုပ်ရမည်ဟု ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လျူရှားယိက ဩဂုတ် ၃ ရက်တွင် ပြောကြားလိုက်ခြင်းအပေါ် ဥရောပနှင့် အမေရိကန်အရာရှိများ က ပြစ်တင်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်ဝမ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီသည် အစွန်းရောက်ဝါဒဖြန့်မှုများ လုပ်ဆောင်နေသလို ထိုင်ဝမ်အား တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးကို ဆန့်ကျင်ဖျက်ဆီးနေသည်ဟု ပြင်သစ်ရုပ်သံ BFM TV နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ ပြန်လည်သင်ကြား ပေးမယ်။ ပြန်လည်ပေါင်းစည်းရေးကို  ထိုင်ဝမ်ပြည်သူတွေ နှစ်သက်လာပြီး မျိုးချစ်စိတ်ပြန်ရှိလာလိမ့်မယ်ဆိုတာ သေချာပါတယ်” ဟု လျူက BFM TV နှင့် အင်တာဗျူးတွင် ပြောကြားသည်။ 

‘ပြန်လည်သင်ကြားပေးခြင်း’ ဆိုသော စကားလုံးကို တရုတ်အာဏာပိုင်များက ရှင်ကျန်းဒေသရှိ ဝီဂါများနှင့် အခြား မွတ်စလင် လူနည်းစုများနှင့် ပတ်သက်၍ ခေါ်ဝေါ်သုံးစွဲသည်။

လျူ၏ ယခုကဲ့သို့ ပြောဆိုချက်ကို ဝေဖန်ကန့်ကွက်သည့် အနောက်အုပ်စု အရာရှိများထဲတွင်  ဥရောပပါလီမန်၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီ၏ အမျိုးသမီးဥက္ကဋ္ဌ နာသာလီလူစီလည်း ပါဝင်သည်။ 

“ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လို လာတဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မကျေနပ်သူတွေကို ကျွန်မအကြံပေးလိုက်တာကတော့ သူတို့ရဲ့ မကျေနပ်မှုတွေကို ထိုင်ဝမ်မှာ နေတဲ့သူတွေရဲ့ သဘောထားကို ဆန့်ကျင်ပြီး ပြန်လည်ပေါင်းစည်းဖို့ ပြောသလို၊ သူတို့ကို ပြန်လည်ပညာပေးရမယ်လို့ ပြောတဲ့ တရုတ်သံအမတ်ကြီးရဲ့ စိတ်ပျက်စရာ မှတ်ချက်တွေအပေါ်မှာသာ မကျေနပ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အတော်ဆိုးရွားတဲ့ လိမ်လည်မှုပါပဲ” ဟု သူမက တွစ်တာတွင် ရေးသားသည်။
 
 ပယ်လိုစီသည် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ထိုင်ဝမ်သို့ သွားခဲ့ခြင်းကို လက်တုံ့ပြန်သောအားဖြင့် တရုတ်စစ်တပ်က ကျည်အစစ်များဖြင့် ပစ်ခတ်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ 

ဥရောပလွှတ်တော်အမတ် ဂေးဗာဟော့စတက်ကလည်း “တရုတ်က ထိုင်ဝမ်ကို ခြိမ်းခြောက်တာတွေ၊ ဟောင်ကောင်ရဲ့ ဒီမိုကရေစီကို ဖျက်ဆီးတာတွေနဲ့ ဝီဂါတွေအပေါ် မျိုးသုဉ်းသတ်ဖြတ်မှုတွေက အီးယူအနေနဲ့ ညီညွတ်အားကောင်းဖို့နဲ့ အမေရိကန်နဲ့ မဟာမိတ်ဖြတ်ဖို့ လိုအပ်တယ်ဆိုတာကို ပြသနေပါတယ်” ဟုလည်း ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

“မျိုးသုဉ်းသတ်ဖြတ်မှု၊ ပြန်လည်သင်ကြားပေးရေး၊ အမြင်ကျဉ်းမြောင်းမှု၊ ဒါတွေအားလုံးက အာဏာရှင် မကောင်းဆိုးရွား  ခေတ်သစ်တစ်ခုကို ဖြစ်အောင် လုပ်နေတာပါပဲ” ဟု ဖင်လန်နိုင်ငံ မြို့တော်ဟယ်ဆင်ကီတွင် နေထိုင်သူ အမေရိကန်အစိုးရ၏ မူဝါဒရေးရာ အကြီးတန်းအကြံပေးအရာရှိ ပေါမက်ဆာရိုက ပြောကြားသည်။

ဝါရှင်တန်မြို့ရှိ ဝီဂါရေးရာ လေ့လာမှုဋ္ဌာန၏ ညွှန်ကြားရေးမှူး အဗ္ဗဒူဟာကမ်က လျူ၏ မှတ်ချက်များသည် ရှင်ကျန်းရှိ အကျဉ်းစခန်းများကို သတိတရဖြစ်စေကြောင်း ရေးသားသည်။

“တရုတ်က ထိုင်ဝမ်မှာ အကျဉ်းစခန်းတစ်ခု ထူထောင်မယ်လို့ ပြောနေတာပါ” ဟု ၎င်းက ရေးသားထားသည်။ 

နယ်စည်းမခြားသတင်းထောက်များအဖွဲ့  ဥက္ကဋ္ဌ ပါလေးဟတ်စ်ကီက ဗဟိုသတင်းအေဂျင်စီ (CNA) နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် လျူ၏ ပြောဆိုမှုသည် ‘တရုတ်နှင့် ဒီမိုကရေစီနိုင်ငံများအကြား အယူဝါဒရေးရာ ခြားနားချက်’ တွင် အမြစ်တွယ်ခဲ့ကြောင်း ပြောကြားသည်။

“ပြန်လည်ပညာပေးခြင်း ဆိုတဲ့စကားလုံးကို လျူက ကောင်းကောင်းနားလည်ပုံမရပါဘူး။ ဒီစကားလုံးဟာ အနောက်နိုင်ငံက ပြည်သူတွေအတွက်ကတော့ ရက်စက်ဆိုးသွမ်းတဲ့ ကြေညာချက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ပြင်သစ်အင်စတီကျု၏ နိုင်ငံတကာဆက်ဆံရေးအဖွဲ့မှ အာရှလေ့လာရေးဌာန၏ ညွှန်ကြားရေးမှူး မာ့ခ်ဂျူလီနေးက ‘ပြန်လည်သင်ကြားပေးရေး’ လို့ လျူက ဥရောပက ရုပ်သံကြည့်ရှုသူတွေရှေ့မှာ ပြောလိုက်တာ ကတော့ အဆိုးရွားဆုံးပါ။ ဥရောပအနေနဲ့ ဒုတိယကမ္ဘာစစ်ကာလကို ပြန်ပြီး သတိရသွားစေပါတယ်။ “ ဟု CAN သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒီမှတ်ချက်က ထိုင်ဝမ်နဲ့ ပတ်သက်ပြီး တရုတ်က ဘာတွေရည်ရွယ်ထားတယ်ဆိုတာ ပြယုံသာမကဘဲ လျူနဲ့ တရုတ်နို်ငငံတို့ရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်” 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly