ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ တရားမဝင် ဆေးကုသမှုစင်တာ ရာနှင့်ချီ၍  ပိတ်သိမ်းခံရ

ပါကစ္စတန် ပန်ဂျပ်ပြည်နယ်၌ တရားမဝင် ဆေးကုသမှုစင်တာ ရာနှင့်ချီ၍  ပိတ်သိမ်းခံရ

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှု ကော်မရှင် (PHC) သည် ပြီးခဲ့သည့်လက ပြည်နယ်၏ ခရိုင် ၁၁ ခု၌ တရားမဝင် ဖွင့်လှစ်ထားသော ဆေးကုသမှုစင်တာပေါင်း ၂၆၃ ခုကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း The Express Tribune မီဒီယာက ဖော်ပြသည်။

ဆေးပညာမတတ်ဘဲ  ကုသမှုများကို တိုက်ဖျက်ရန် ရည်ရွယ်သည့် PHC ၏ အားထုတ်မှုအောက်တွင် အဆိုပါ ပိတ်သိမ်းမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကော်မရှင်၏ ဥပဒေစိုးမိုးရေး အဖွဲ့များသည် ပြည်နယ်၌ ဆေးကုသမှုစင်တာပေါင်း ၁၄၇၃ ခန့်ကို ဝင်ရောက်ရှာဖွေခဲ့ရာတွင် ဒေါက်တာရမ်းကု ၃၆၇ ဦးက တတ်ယောင်ကား ရမ်းကုခြင်းကို စွန့်လွှတ်သွားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သလို စင်တာ ၇၈ ခုသည်လည်း တရားဝင်ဖြစ်လာကာ ထိုစင်တာများ၌ အရည်အချင်းပြည့် ဆရာဝန်များက လူနာများကို စတင်ကုသ ပေးနေခဲ့ကြောင်း PHC ၏ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၁ ရက်တွင် ပြောကြောင်း The Express Tribune က ကိုးကားဖော်ပြသည်။

ဆေးကုသမှုစင်တာပေါင်း ၇၅၂ ခုခန့်သည် အဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် ဆက်ရှိ‌နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လာဟိုးခရိုင်တွင် ဆေးကုသမှုစင်တာပေါင်း ၆၀၄ ခုခန့်ကို စီးနင်းခဲ့ရာတွင် တရားမဝင်သည့် စင်တာ ၁၂၂ ခုကို ပိတ်သိမ်း နိုင်ခဲ့သည်။ မူလ်တန်မြို့တွင် စင်တာပေါင်း ၂၃၁ ခုခန့်ကို စီးနင်းခဲ့ရာတွင် စင်တာ ၄၅ ခု ပိတ်သိမ်းသွားခဲ့သည်။
 
ရာဝယ်ပင်ဒီတွင် ဆေးကုသမှုစင်တာ ၂၀၅ ခုကို စီးနင်းခဲ့ရာတွင် လုပ်ငန်း ၂၈ ခုကို ချိပ်ပိတ်နိုင်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ကက်ဆာတွင် စင်တာ ၁၉ ခု၊ မူဇာဖာဂါတွင် ၉ခု၊ ဘာဟာဝယ်နာဂါတွင် ၈ခု၊ နန်ကာနာ ဆာဟစ်ဘ်နှင့် ဆာဂေါ့ဟာတို့တွင် ၇ခုစီတို့လည်း ပိတ်သိမ်းခဲ့သည်။ ထို့ပြင် ချက်ဝဲလ်၊ ရှိတ်ခူပူရာနှင့် ဂျဟီလမ်တို့တွင်လည်း စင်တာ ၅စီ ပိတ်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly