စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသူ ဒေါက်တာထားထားလင်း ယာဉ်တိုက်မှုကြောင့် ပုခုံးရိုးကျိုးပြီး ဆေးကုသနေရ

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသူ ဒေါက်တာထားထားလင်း ယာဉ်တိုက်မှုကြောင့် ပုခုံးရိုးကျိုးပြီး ဆေးကုသနေရ

ဩဂုတ် ၉

နေပြည်တော်(မဇ္ဈိမ) ။ ။  စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းမှာ နေပြည်တော်တွင် ဩဂုတ်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် ရဲကားနှင့် အိမ်စီးကားတိုက်မှုတွင်ပါဝင်ခဲ့ပြီး ပုခုံးရိုးကျိုးသွားကြောင်း နီးစပ်သူတစ်ဦးကအတည်ပြုသည်။
ဩဂုတ်လ ၄ ရက်နေ့က နေပြည်တော် ဇမ္မူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာအနီးရှိ မီးပ္ပိုင့်တွင် အိမ်စီး ကားတစ်စီးနှင့် ရဲကားတို့တိုက်မိခဲ့ပြီး ရဲကားမှောက်သွားသည့်ဖြစ်စဉ်တွင် ကားပေါ်၌လာသည့် ဒေါက်တာ ထားထားလင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသနေရခြင်း ဖြစ်ကြောင်း သိရသည်။
“ဟုတ်တယ်။ ပုခုံးရိုးကျိုးသွားတယ်ကြားတယ်။ အရင်အဂတိအမှုနဲ့စွဲရင်းတန်းလန်း နောက်ထပ် နှစ်မှု ထပ်ဖွင့်ခံထားရတာ။ အဲ့ဒီအမှုတွေက မပြီးသေးဘူး”ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေပုဒ်မ ၅၆ အရ အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဒေါက်တာထားထားလင်းအနေဖြင့် လက်ရှိတွင် ပုဒ်မ ၅၀၅(က)နှင့် မတရားအသင်းဉပဒေ ၁၇ (၁)(၂)တို့ ဖြင့် ဆက်လက်တရားရင်ဆိုင်နေရကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ
စာမူတည်းဖြတ် ။  ။ စောဖေ

#ဒေါက်တာထားထားလင်း
#နေပြည်တော်
#ယာဉ်တိုက်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required