ပုသိမ် အမှတ်(၂) တံတားကျိုးကျ၍ လူထိခိုက် သေဆုံးမှုများနိုင် ဆိုသည်မှာ သတင်းအမှားသာဖြစ်

ပုသိမ် အမှတ်(၂) တံတားကျိုးကျ၍ လူထိခိုက် သေဆုံးမှုများနိုင် ဆိုသည်မှာ သတင်းအမှားသာဖြစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အမှတ်(၂) တံတားကျိုးကျ၍ လူထိခိုက်သေဆုံးမှုများနိုင်ဆိုသည့် သတင်းများ ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် လူမှုကွန်ရက် သုံးစွဲသူများကြား ပျံ့နှံ့မှုရှိနေသည်ကို တွေ့ရှိရ သည်။ ထိုအကြောင်းအရာမှာ မှားယွင်းနေသည်။

"#Breaking_News ပုသိမ်အမှတ်(၂)တံတား ကျိုးကျ။ (နေ့လည် ၁၂:၁၇ မိနစ်) လူထိခိုက်သေဆုံးမှု များနိုင်။ အရေးပေါ်ကယ်ဆယ်ရေးများ အမြန်လိုအပ်နေ။ Credit- Myint Than Htun " ဟု တံတား ကျိုးကျနေသည့်ဓာတ်ပုံနှင့်တွဲ၍ ထပ်ဆင့်ကူးယူဖော်ပြနေကြပြီး မူရင်းရေးသားသူ‌ကို ရှာဖွေရှာတွင် မတွေ့ရှိခဲ့ပေ။

အဆိုပါ ပို့စ်ကို " Ven Vannita" အမည်ရှိအကောင့်မှ ပြန်လည်ကူး‌ယူဖော်ပြထားကာ ဝေမျှသူ ၄၂၀ နီးပါးရှိခဲ့သည်။ ထိုရေးသားမှုကို ပြန်လည်ကူးယူပြီးဖြန့်ဝေမှု များစွာရှိနေဆဲပင်ဖြစ်သည်။

အဆိုပါသတင်းမှားပို့စ့်များကို အောက်ပါလင့်တွင်ကြည့်နိုင်သည်။

https://bit.ly/3P8xsB4 ,

https://bit.ly/3bAU5Ae

 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ အဆိုပါသတင်းတွင် အသုံးပြုထားသည့် သတင်းဓါတ်ပုံကို ရှာဖွေခဲ့ရာ ၂၀၁၉ ခုနှစ်က ထိုင်ဝမ်နိုင်ငံရှိ "Nanfangao" တံတားကျိုးကျခဲ့သည့်ပုံသာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါသတင်းလင့်ကို အောက်တွင်ကြည့်နိုင်သည်။

https://bit.ly/3BMWum2

 

ပုသိမ်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းရာတွင်လည်း " ပုသိမ်တံတားက မကျိုး ပါဘူး၊ ကျွန်တော်တို့ ဖြတ်သွားဖြတ်လာရင်းနဲ့တွေ့ပါတယ် ကောလဟာလသာဖြစ်ပါတယ်ခင်ဗျ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

ထို့ပြင် မဇ္ဈိမ၏ ဧရာဝတီတိုင်း နယ်ခံ သတင်းထောက်မှ ပေးပို့လာသည့် သတင်းဓါတ်ပုံများအရ ပုသိမ်တံတား ကျိုးခြင်းမရှိပဲ မူလအတိုင်းသာ ရှိနေသည်ကို တွေ့ရသည်။

 

ထို့အပြင် အဆိုပါသတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-ဧရာဝတီတိုင်းဒေသကြီး ၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင်လည်း ဖော်ပြထားသည်။

အဆိုပါ ပို့စ့်ကိုအောက်တွင်ကြည့်နိုင်သည်။

https://bit.ly/3Q8HGCN

ထို့ကြောင့် ပုသိမ် အမှတ်(၂) တံတားကျိုးကျ၍ လူထိခိုက် သေဆုံးမှုများနိုင်ဆိုသည်မှာ အခြားဖြစ်စဉ်မှ ပုံကို အသုံးပြုထားပြီး လုပ်ဇာတ်ခင်းထားသည့် သတင်းအမှားသာဖြစ်သည်။

 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required