၈၈၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်နေ့တွင် ရန်ကုန်၌ လုံခြုံရေးတင်းကြပ်

၈၈၈၈ လူထုအရေးတော်ပုံနှစ်ပတ်လည်နေ့တွင် ရန်ကုန်၌ လုံခြုံရေးတင်းကြပ်

ဩဂုတ်လ ၈ ရက်

ရန်ကုန်မြို့၌ ယနေ့ကျရောက်သည့် (၃၄) နှစ်မြောက် ရှစ်လေးလုံးလူထုအရေးတော်ပုံနှစ်ပတ်လည်နေ့ တွင် ယခင်ထက်တင်းကြပ်စွာ လုံခြုံရေးချထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း မြို့နယ်အလိုက် ဒေသခံအသီးသီး၏ ပြောပြချက်အရ သိရသည်။

လမ်းဆုံလမ်းခွတွင် ဆောက်လုပ်ထားသော ဘန်ကာများ၊ မီးပွိုင့်တစ်ဖက်တစ်ချက်ရှိ ကင်းပုန်းများ ထဲတွင်လည်း စစ်ကောင်စီတပ်သားများနှင့် ရဲများ ကင်းစောင့်နေကြပြီး လမ်းမများပေါ်တွင်လည်း စစ်ကားများဖြင့်ပတ်ကာ လှည့်ကင်းပတ်နေကြောင်း ဆိုသည်။

“အန်တီ အသောကစျေးသွားတော့ တွေ့တာ၊ သမိန်ဗရမ်းလမ်းမကြီးပေါ်မှာပေါ့။ စစ်ကားက အသေးလေး နှစ်စီးနဲ့ အကြိမ်ကြိမ် အဲဒီနားတစ်ဝိုက် ပတ်နေတာ။ အထဲမှာ သူတို့ပါတယ်။ မျက်နှာတွေက အောက်စိုက် လို့။ သူတို့မှာ ပြည်သူနဲ့တောင် မျက်နှာခြင်းမဆိုင်ရဲဘူး။ ရပ်ကွက်ထဲတွေထိလည်း သူတို့ကင်းပတ်တာ တွေ့တယ်။ သတိထားကြပါ”ဟု တာမွေမြို့နယ်နေဒေသခံတစ်ဦးက ယနေ့မြင်တွေ့ရသည့် အာဏာသိမ်း ကာလတွင်ကျရောက်လာသော လူထုအရေးတော်ပုံနှစ်ပတ်လည်နေ့ မြင်ကွင်းတစ်ခုကို ပြောပြသည်။

အချို့သော မြို့နယ်များတွင် မော်တော်ယာဉ်စစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“တာမွေဆို စခန်း ၄၀ ရှေ့စစ်တယ်၊ ဗညားဒလလမ်းမှာက အ.ထ.က(၁၀)ရှေ့မှာ ညှပ်ပူးညှပ်ပိတ်စစ် တယ်။ အဲဒီမှာက ယာဉ်ထိန်းရဲရော စစ်သားတွေရောစုံတယ်” ဟု တာမွေမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ယနေ့နံနက်ပိုင်းက သာကေတမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်ရာနေရာ အနီးတစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သာကေတ/ဒေါပုံရှိ လမ်းမကြီးများတွင် ကင်းပုန်း များချထားကြောင်း၊ စစ်သားနှင့်ရဲ၊ ယာဉ်ထိန်းရဲအပါအဝင် အုပ်စုလိုက် စောင့်ကြပ်စစ်ဆေးနေကြကြောင်း ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာမှ သိရှိရသည်။

ထို့ပြင် လမ်းမတော်မြို့နယ်နေပြည်သူတစ်ဦးက “မြို့ထဲအခြေအနေက ဒီနေ့ ဟိုကောင်တွေ (စစ်ကောင်စီ တပ်နှင့်လက်အောက်ခံအဖွဲ့)အရမ်းများနေတယ်။ Central Hotel မျက်နှာခြင်းဆိုင်နေရာမှာ အုပ်စုလိုက် ကားစစ်နေတယ်။ ပန်းဆိုးတန်း တံတားအဆင်းမှာလည်း စစ်နေတာရှိတယ်။ ကမ်းနားလမ်းပေါ်၊ ကုန်သည်လမ်းပေါ်မှာလည်း ကားတွေစစ်နေပါတယ်” ဟု သတင်းပေးပြောကြားသည်။

လှိုင်မြို့နယ်တွင်ရှိနေသော ပြည်သူတစ်ဦးကလည်း “စံရိပ်ငြိမ်ရှေ့မှာ DC နှစ်စီးရှိတယ်၊ တစ်စီးက ရဲ၊ တစ်စီးကစစ်သား။ ဆင်ရေတွင်းဘက်မှာလည်း DC နှစ်စီးရှိတယ်။ အင်အားသုံးဖြိုခွင်းတဲ့နေရာမှာသုံးတဲ့ ကားတစ်စီးရှိနေတယ်။ စစ်သား၊ ရဲနဲ့ မော်တော်ပီကယ်တွေလည်း ရှိတယ်” ဟု ပြောသည်။

“စမ်းချောင်းက ဗဟိုလမ်းမှာ ကားရပ်ထားပြီးတော့ကို တရားရုံးအကျော်နားမှာ ယာဉ်စစ်ဆေးနေတာတွေ ရှိတယ်။ မရမ်းကုန်းက အေဒီမီးပွိုင့်ကနေ ပါရမီးလမ်းဘက်အထွက်မှာ ယာဉ်ထိန်းရဲအုပ်စု ကားတားစစ် နေပါတယ်။ ဒဂုံဆိပ်ကမ်းမှာ Hi Jet တွေပဲ ရွေးပြီးစစ်နေပါတယ်။ တောင်ဒဂုံ ယောက်ကော်ပန်းခြံ မှတ်တိုင်မှာ ကားစစ်နေတာရှိတယ်။ မြောက်ဒဂုံ ကြိုးတံတားနားမှာ အိမ်စီးကားတွေ ရွေးစစ်နေတယ်။ စံပြစျေးနားမှာ ယာဉ်အစစ်အဆေးရှိတယ်” ဟူ၍ ဖယ်ရီမောင်းနေသူတစ်ဦးနှင့် ဒဂုံ တောင်/မြောက် အနီး တစ်ဝိုက် သွားလာနေသူတစ်ဦးအား မေးမြန်းချက်အရသိရသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ အများအပြားဖြင့် အင်အားသုံးကာ ရန်ကုန်မြို့အနှံ့ လုံခြုံရေးတင်းကြပ်စွာချထား သည့်ကြားမှ ရှစ်လေးလုံးအရေးတော်ပုံ ၃၄ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်၏ အထင်ကရ နေရာများဖြစ်သည့် ဆူးလေ လူကူးကုန်းတံတား၊ ဗိုလ်ချုပ်ဈေး၊ အင်းလျားကန်ပေါင်နှင့် လှည်းတန်းနေရာ အနှံ့အပြားတွင် '၈' ဂဏန်း ရေးဆွဲထားသော ထီးများဖြင့် ထီးသပိတ်လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ယနေ့ နံနက်တွင် ပြုလုပ်နိုင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly