၈၈၈၈ လူထုအရေးတော်ပုံကို စစ်တပ်က ဆူပူမှုအဖြစ် ဝါဒဖြန့်လေ့ရှိဟု CDM စစ်သားများဆို

၈၈၈၈ လူထုအရေးတော်ပုံကို စစ်တပ်က ဆူပူမှုအဖြစ် ဝါဒဖြန့်လေ့ရှိဟု CDM စစ်သားများဆို

ဩဂုတ်လ ၈ ရက်

စစ်တပ်အနေဖြင့် ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်ပတ်သက်ပြီး ဆူပူမှုအဖြစ် ဝါဒဖြန့်ချိမှုများကို တောက်လျှောက်ပြုလုပ်ကြောင်း CDM ပြုလုပ်လာသည့် စစ်သားများက ဆိုသည်။

လူထုလူတန်းစားအားလုံးပါဝင်သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ရက်ရက်စက်စက်ဖြိုခွင်း ပစ်ခတ် ခဲ့သည့်စစ်တပ်သည် အရေးခင်းများပြီးဆုံးပြီးနောက်ပိုင်းကာလများတွင် ၎င်း၏ တပ်သားများနှင့် ပြည်သူ များကို ယခုကဲ့သို့ ဝါဒဖြန့်ချိခြင်းဖြစ်သည်။

“ရှစ်လေးလုံးသမိုင်းဟာ ဒီမိုကရေစီအရေးလှုပ်ရှားတာမဟုတ်ဘဲ နိုင်ငံကိုပျက်အောင် မြှောက်ထိုးပင့် ကော်လုပ်ပေးတဲ့သူတွေကြောင့် တိုင်းပြည်ဆူပူပျက်စီးအောင်လုပ်ခဲ့တဲ့ပုံစံမျိုးကတော့ စစ်တပ်ထဲမှာတွင် တွင် ပြောတယ်ဗျ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်ကဆိုသည်။

ဆန္ဒပြ ကျောင်းသားကျောင်းသူများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများအပေါ် ရက်ရက်စက်စက်ပစ်ခတ် ဖြိုခွင်းခဲ့သည့် ဩဂတ်လ ၈ ရက်နေ့ကို ဒီမိုကရေစီရေးလှုပ်ရှားသူများက အထိမ်းအမှတ်ပွဲများ နှစ်စဉ် သတိတရပြုလုပ်လေ့ရှိသည်။

ယခင်အရပ်သားအစိုးရလက်ထက်ကပင် ရှစ်လေးလုံးနေ့ရက်များနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသည့်နေ့ ရက်များတွင် စစ်တပ်က နိုင်ငံရေးလှုပ်ရှားမှုနှင့် အကြမ်းဖက်မှုများလုပ်မည်ဟူသောအမြင်ဖြင့် လုံခြုံရေး တိုးမြှင့်ထားရန် ညွှန်ကြားမှုများရှိခဲ့သည်ဟု CDM တပ်သားများက ဆိုကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က ပြည်သူလူထုအပေါ်တွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး စစ်တပ်ဘက်က လက်နက်တိုက်များဖောက်ခံရခြင်း၊ မြို့လယ်ခေါင်းဖြတ်ပွဲများပြုလုပ်ခြင်း များအပြင် မငြိမ်မသက်ဖြစ်မှုများအပေါ်တွင် စစ်တပ်မှထိန်းသိမ်းလိုက်ရကြောင်းများကို အရာရှိအရာခံ များသာမက တပ်သားများကို စီမံချက်ချပြီးပြောဆိုမှုများပြုလုပ်သည်ဟု သိရသည်။

“တပ်ကတော့ ဖြန့်တာပေါ့။ လှိုင်းကြီးလေထန်ဆိုပြီး ၈၈ က ခေါင်းဖြတ်တတ်တာတွေ ကို projector နဲ့ ထိုးပြီး စစ်တပ်က ကယ်ခဲ့ရတယ်ဆိုတာပဲ အမြဲပြောနေတာ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

လူထုဆန္ဒပြမှုများကိုဖြိုခွဲရာတွင် စစ်တပ်က အကြမ်းဖက်နည်းလမ်းများဖြင့်သာ ဖြေရှင်းလေ့ရှိကြသည် ကလည်း အဆိုပါဝါဒဖြန့်ချိမှုများနှင့်သက်ဆိုင်မှုရှိနိုင်ကြောင်း CDM စစ်သားအချို့က ဆိုသည်။ လက်ရှိ ၂၀၂၁ ခုနှစ်နွေဦးတော်လှန်ရေးတွင်လည်း စစ်ကောင်စီတပ်သားများသည် ပြည်သူလူထု၏ ဦးခေါင်းကို တည်ပြီးပစ်ခတ်သည်အထိ ပြုလုပ်ပြီး ဆန္ဒပြမှုများကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့ခဲ့သည်။

ပုံစာ - ဒီမိုကရေစီရေးလှုပ်နေသည့် ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အလံအား တက်နင်းထားသည့် စစ်သားတစ်ဦး။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly