မီဇိုရမ်တွင် ကလေးမြို့နယ်မှစစ်ဘေးရှောင်ပြည်သူများအတွက် ဒုတိယအကြိမ် Mobile Charity Concert ပြုလုပ်

မီဇိုရမ်တွင် ကလေးမြို့နယ်မှစစ်ဘေးရှောင်ပြည်သူများအတွက် ဒုတိယအကြိမ် Mobile Charity Concert ပြုလုပ်

ဩဂုတ် ၈

နယူးဒေလီ (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများအား ကူညီနိုင် ရန်အတွက် သြဂုတ်လ ၆ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ဒုတိယ အကြိမ်အဖြစ် “Mobile Charity Concert” ကို ပြုလုပ်ခဲ့ရာ ၁၅၂,၀၇၉ ရူပီး (မြန်မာငွေ ၃၈ သိန်းကျော်) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို DIET လမ်းဆုံ ၊ Bawngkawn, Zuangtui, Zemabawk Thuampui ရပ်ကွက်များရှိ လူစည်ကားသောနေရာများတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မီဇိုးကျောင်းသာအဖွဲ့ Mizo Zirlai Pawl (MZP) က ဩဂုတ်လ ၇ရက်နေ့တွင်ထုတ်ပြန်သည်။

“တကယ်တော့ ကျွန်မတို့ ကလေးမြို့နယ်မှာ ဖြစ်နေတဲ့ကိစ္စက သူတို့နဲ့ဘာမှ မဆိုင်ဘူးလေ။ MZP ဥက္ကဌ အပါအဝင် တာဝန်ရှိသူတွေနဲ့ နာမည်ကြီးအဆိုတော်တွေကိုယ်တိုင် အလှူခံပုံးကိုကိုင်ပြီး အလှူခံတာကို တွေ့ရတဲ့အခါ အံ့ဩမိတယ်။ သူတို့ရဲ့ စိတ်ရင်း စေတနာနဲ့ အကူအညီပေးနေတဲ့အပေါ်မှာ ဘယ်လိုစကားနဲ့ ကျေးဇူးတင်ကြောင်းပြောရမယ်ဆိုတာတောင် မသိလောက်အောင်ဖြစ်ရပါတယ်” ဟု အိုက်ဇောလ် မြို့ရှိ မြန်မာနိုင်ငံသား တစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ရန်ပုံငွေ ဂီတပွဲကို မီဇိုကျောင်းသားများအဖွဲ့ Mzo Zirlai Pawl (MZP) ၊ တေးဂီတအဆိုတော်များ ဖြင့်ဖွဲ့စည်းထားကြသော MZI, MDM နှင့် NGO United for Democratic Myanmar တို့မှ ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ရန်ပုံငွေဂီတပွဲအတွင်း တေးသီချင်းများနှင့် ဖျော်ဖြေရုံသာမက မီဇိုရမ်တွင်မူးယစ်ဆေးဝါးများ ခပ်စိတ်စိတ် ဖမ်းမိနေခြင်းနှင့်ပတ်သက်၍ စစ်ဘေးရှောင်များနှင့် ဆက်စပ်မှုမရှိကြောင်းနှင့် နားလည်မှုမလွဲကြရန် ၎င်း တို့၏ ပြည်သူများကို ပွဲဖြစ်မြောက်ရေးဉီးဆောင်သူများမှ ပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ယခုကျင်းပခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဇွန်လ ၃၀ရက်နေ့တွင် ပထမ အကြိမ်ပြုလုပ်ခဲ့ပြီး အိန္ဒိယငွေ ၉၂,၈၆၀ ရူပီး (မြန်မာငွေ သိန်း ၂၀) ကျော် ရရှိခဲ့ကာ ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တွင် စစ်ဘေးရှောင် ၅၀,၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး မိုးတွင်းကာလဖြစ်သည့်အလျောက် မိုးကာစ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်လျက်ရှိသည်ဟု အကူအညီပေးရေးအဖွဲ့အစည်း များထံက သိရသည်။

ကလေးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ်များ မီးရှို့ခြင်း၊ စပါးကျီ ၊ စားနပ်ရိက္ခာ သိုလှောင်ထားမှုများအား ဖျက်ဆီးခြင်းတို့ကိုပြုလုပ်နေ၍ စစ်ဘးရှောင်များမှာ အခက်အခဲများနှင့်ပိုမို ကြုံ တွေ့နေရကြောင်းသိရှိရသည်။

စာတည်း။ ။ငြိမ်းချမ်းခေတ်

စာမူတည်းဖြတ် ။ ။ စောဖေ

#အိန္ဒိယနိုင်ငံ

#အိုက်ဇောလ်မြို့

#ကလေးမြို့

#စစ်ရှောင်ပြည်သူ

#MobileCharityConcert

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly