ပါကစ္စတန်တွင် ဘာသာရေး စော်ကားမှုခေါင်းစဉ်အောက်၌ လူနည်းစုများအပေါ် နှိပ်ကွပ်မှုများ ဆက်ရှိနေ

ပါကစ္စတန်တွင် ဘာသာရေး စော်ကားမှုခေါင်းစဉ်အောက်၌ လူနည်းစုများအပေါ် နှိပ်ကွပ်မှုများ ဆက်ရှိနေ

ပါကစ္စတန်နိုင်ငံတွင် ဘာသာရေး စော်ကားမှု ခေါင်းစဉ်အောက်၌ ဘာသာရေး လူနည်းစုများအပေါ် ပစ်မှတ်ထား နှိပ်ကွပ်မှုများက ဆက်လက် ဖြစ်ပေါ်လျက်ရှိပြီး အပြစ်မဲ့ လူအများအပြား အသက်ဆုံးရှုံးရခြင်း၊ နေအိမ်များ ဆုံးရှုံးရခြင်းနှင့် အကြမ်းဖက်ခြိမ်းခြောက်ခံရသည့် ၎င်းတို့၏ မိသားစုဝင်များ တကွဲတပြား ဖြစ်သွားခြင်းတို့ ရှိနေခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

 ပါကစ္စတန်တွင် နိုင်ငံနှင့် ဘာသာရေးကို ရောထွေးပစ်ခြင်းက ပါကစ္စတန်ပြည်သူလူထုအတွက် အန္တရာယ်ရှိသော အခြေအနေတစ်ခုကို ဖြစ်ပေါ်စေပြီး ဘာသာရေး စော်ကားမှု ဥပဒေများက ပြည်သူများကို ထိခိုက်သေဆုံးမှုများ ဖြစ်စေလျက် ရှိကြောင်း ကနေဒါ အခြေစိုက် နိုင်ငံတကာ အခွင့်အရေးနှင့် လုံခြုံရေး ဖိုရမ်  (IFFRAS) အဖွဲ့က ပြောသည်။

မကြာသေးမီက ဘာသာရေး စော်ကားမှု စွဲချက်များဖြင့် အမှုဖွင့် တရားစွဲခံခဲ့ရသည့် ခရစ်ယာန် ဘာသာဝင် စက်ပြင်ဆရာတစ်ဦးသည် ယခုလအစောပိုင်းက လာဟိုးမြို့ တရားရုံးတစ်ခု၏ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။ စက်ပြင်ဆရာ မာဆီဟ်သည် ၂၀၁၇ ခုနှစ်ကတည်းက အကျဉ်းကျနေခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ အမှုသည် ရွှေ့ဆိုင်းမှုများဖြင့် ကြန့်ကြာနေခဲ့သည်။ ဇနီးနှင့် သမီးတစ်ဦးတို့ ရှိသည့် မာဆီဟ်သည် ၎င်း အကျဉ်းထောင်သံတိုင်များနောက်တွင် ရောက်နေစဉ် ၂၀၁၉ ခုနှစ်က မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရသည်။

ထိုဖြစ်စဉ်သည် ပါကစ္စတန်၌ တရားသူကြီးတစ်ဦးက ဘာသာရေး စော်ကားမှု ဥပဒေအောက်တွင် တစ်စုံတစ်ယောက်ကို သေဒဏ်ချမှတ်သည့် ပထမဆုံး ဖြစ်စဉ် မဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကလည်း လာဟိုး တရားရုံးတစ်ခုသည် ကျောင်းအုပ်ဆရာမတစ်ဦးကို သေဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့သည်။ သူမအား စွဲဆိုခဲ့သည့် တရားစွဲဆိုမှုအရ ထိုကျောင်းအုပ်ဆရာမသည် သူမ ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များ၌ သူမသည် “အစ္စလမ်ဘာသာ၏ တမန်တော်” ဖြစ်ကြောင်း ပြောကြားကာ တမန်တော် မိုဟာမက်က‌ နောက်ဆုံး တမန်တော်မဟုတ်ဟု ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

 ယခုနှစ် ဇန်နဝါရီက ဖြစ်ပေါ်ခဲ့သော အခြားသော ဖြစ်စဉ်တစ်ခုတွင်လည်း WhatsApp status အဖြစ် “ဘာသာရေး စော်ကားသည့် အကြောင်းအရာ” ကို တင်ခဲ့မှုအတွက် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်။ သူမသည် တမန်တော် မိုဟာမက်၏ ရုပ်ပြောင်ပုံများကို ပေးပို့ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly