နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ချေးငွေရရှိရေး အမေရိကန်ထံ အကူအညီတောင်းခဲ့သည့် ပါကစ္စတန်စစ်တပ်အကြီးအကဲကို ဝန်ကြီးချုပ်ဟောင်း ဝေဖန်

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ချေးငွေရရှိရေး အမေရိကန်ထံ အကူအညီတောင်းခဲ့သည့် ပါကစ္စတန်စစ်တပ်အကြီးအကဲကို ဝန်ကြီးချုပ်ဟောင်း ဝေဖန်

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေတစ်ရပ် ဆောလျင်စွာ ရရှိနိုင်ရေး ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာ ဂျာဗက် ဘာဂျ်ဝါက အမေရိကန်ထံ အကူအညီ တောင်းခဲ့ပြီးနောက် နိုင်ငံသည် ပိုမို အားနည်းလာနေပြီဟု ဝန်ကြီးချုပ်ဟောင်း ဖြစ်သည့် ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီဥက္ကဋ္ဌ အီမရန် ခန်းက ဇူလိုင် ၂၉ ရက်တွင် ဝေဖန် ပြောကြားလိုက်သည်။

နိုင်ငံ၏ စီးပွားရေးရာ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်က စစ်တပ်အကြီးအကဲ၏ အလုပ် မဟုတ်ဟု PTI အကြီးအကဲက ပြောကြောင်း Geo TV က ဖော်ပြသည်။

“နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ဘက်က ချေးငွေ ဆောလျင်စွာ ထုတ်ပေးဖို့ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျာဗက်ဒ် ဘာဂျ်ဝါက အမေရိကန်အရာရှိတွေဆီ ဆက်သွယ်ခဲ့တယ် ဆိုတဲ့ သတင်းသာ မှန်တယ်ဆိုရင်တော့ ဒါဟာ ကျွန်တော်တို့ (ပါကစ္စတန်) ဟာ အားနည်းသထက် နည်းလာပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု ခန်းက ပြောသည်။

 အမေရိကန်အနေဖြင့် ပါကစ္စတန်ကို ကူညီရန် ဆုံးဖြတ်ပါက အပြန်အလှန်အားဖြင့် တစ်ခုခုကို ပြန်လည် တောင်းဆိုမည်လား ဆိုပြီး ခန်းက မေးခွန်းထုတ်ခဲ့သေးသည်။

IMF ထံမှ ချေးငွေတစ်ရပ်ကို ပါကစ္စတန်အစိုးရ ဆောလျင်စွာ ရရှိနိုင်စေရေး ကူညီပေးရန် ဗိုလ်ချုပ်ကြီး ဘာဂျ်ဝါက အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၂၉ ရက်က Nikkei Asia သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ပြန်လည် စတင်ထားခဲ့သော ချေးငွေ အစီအစဉ်တစ်ခုအောက်တွင် ရရှိနိုင်မည်ဟု ပါကစ္စတန်ဘက်က မျှော်လင့်ထားသော အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနီးပါးကို အမြန်ဆုံး ထုတ်ပေးနိုင်ရေးနှင့် ငွေကြေးအကျပ်အတည်းမှ ကယ်တင်ရေး လုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်မှုရှိစေရေး အိမ်ဖြူတော်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က IMF ကို တိုက်တွန်းပေးရန် ဘာဂျ်ဝါက ပန်ကြားခဲ့သည်ဟု Geo TV က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required