တရုတ်က ထိုင်ဝမ်ရေပိုင်နက်အနီးတွင် Dongfeng ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်

တရုတ်က ထိုင်ဝမ်ရေပိုင်နက်အနီးတွင် Dongfeng ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်

တရုတ်စစ်တပ်သည် ထိုင်ဝမ်၏အရှေ့မြောက်နှင့်အနောက်တောင်ရေပိုင်နက်များတွင် Dongfeng ပဲ့ထိန်း ဒုံးကျည်များစွာ ပစ်လွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်တွင် အတည်ပြုသည်။

တရုတ်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး နောက်တစ်ရက်၌ တရုတ်က ထိုင်ဝမ်ကျွန်းဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများစွာ စတင်ခဲ့သည်။

တရုတ်က ၎င်းပိုင်နက်အဖြစ်သတ်မှတ်ထားပြီး သိမ်းယူရန်ခြိမ်းခြောက်ခံထားရသည့် ထိုင်ဝမ်ဝန်းကျင်ရှိ သတ်မှတ်ဇုန် ၆ ခု၌ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု စတင်လိုက်ခြင်းဖြစ်သည်။

“တရုတ်စစ်တပ်က  ၁၃း၅၆ နာရီကတည်းက အရှေ့မြောက်နဲ့ အနောက်တောင်ရေပြင်မှာ Dongfeng ပဲ့ထိန်းဒုံးကျည်တွေကို စတင်ပစ်လွှတ်ခဲ့ပါတယ်။ ထိုင်ဝမ်စစ်တပ်အနေနဲ့ အခြေအနေကို နည်းလမ်းအမျိုးမျိုးနဲ့ စောင့်ကြည့်နေပြီး ကာကွယ်ရေးစနစ်ကိုလည်း အသင့်ပြင်ထားပါတယ်။ 

ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ဆင်ခြင်တုံတရားမဲ့တဲ့လုပ်ရပ်ကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်ရေပြင်နှင့်လေပိုင်နက်၏ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ဘက် ပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် ပူးတွဲပိတ်ဆို့ခြင်း၊ ပင်လယ်ပြင်ပစ်မှတ်များကို ချေမှုန်းခြင်း၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက်ခြင်းနှင့် ဝေဟင်ပိုင်နက်ထိန်းချုပ်ခြင်းနှင့်  စစ်ဆင်ရေးအတွင်း တပ်ဖွဲ့များ၏ ပူးတွဲတိုက်ခိုက်ရေး စွမ်းရည်များအား အဓိကထား လေ့ကျင့်ခဲ့သည်။
 
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့သည် စစ်ရေးအရှိန်မြှင့်ရန် ကြိုးစားမည်မဟုတ်သော်လည်း လုံခြုံရေးနှင့်အချုပ်အခြာအာဏာနှင့်ပတ်သက်လျှင် နောက်ဆုတ်မည်မဟုတ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly