ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန် လွှတ်တော်ဥက္ကဋ္ဌတို့က ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အလေးထားပြောကြား

ဂျပန်ဝန်ကြီးချုပ်နှင့် အမေရိကန် လွှတ်တော်ဥက္ကဋ္ဌတို့က ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို အလေးထားပြောကြား

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးကတည်းက တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီုဒါနှင့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီတို့သည် ထိုင်ဝမ်ရေလက်ကြား  ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ကြသည်။

“ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားနိုင်ဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့ အတည်ပြုပါတယ်” ဟု ပလိုစီနှင့် တွေ့ဆုံမှုအပြီး ကီရှီဒါ၏ ပြောကြားချက်ကို ကိုးကား၍ Kyodo News က ဖော်ပြခဲ့သည်။ 

"တရုတ်ရဲ့ အပြုအမူဟာ ဒေသတွင်းနဲ့ ကမ္ဘာရဲ့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိပြီး စစ်ရေးလေ့ကျင့်မှုတွေကို ချက်ခြင်းရပ်ဖို့ တောင်းဆိုပါတယ်" ဟု ကီရှီဒါက ပြောသည်။

တရုတ်စစ်တပ်က ဂျပန်၏ သီးသန့်စီးပွားရေးဇုန် (EEZ) ထဲ့သို့ ပဲ့ထိန်းဒုံးကျည် ၅ စင်း ပစ်လွှတ်မှုအပေါ် ဂျပန်အစိုးရက ဩဂုတ် ၄ ရက်က ရှုတ်ချလိုက်ပြီး အလွန်အမင်း နိုင်ထက်စီးနင်းပြုသောလုပ်ရပ်ဟု ပြောဆိုလိုက်သည်။

 “ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းတဲ့ ကြီးလေးတဲ့ ကိစ္စပါပဲ” ဟု ကာကွယ်ရေးဝန်ကြီး နိုဘူရိုကီရှီက ဩဂုတ် ၄ ရက်တွင် ပြောကြားသည်။

ဖူမီအိုကီရှီဒါအစိုးရသည် တရုတ်အစိုးရအား သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြခဲ့သလို ဆန်ကာကူ ကျွန်းများအနီးတွင် တရုတ်စစ်ရေးလေ့ကျင့်မှုကို အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါဧရိယာသည် EEZ နှင့် တစ်ဆက်တည်းရှိကြောင်း ဂျပန်သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဩဂုတ် ၄ ရက်က ထိုင်ဝမ်၏ အရှေ့မြောက်နှင့် အနောက်တောင်ဘက် ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်ပြီး ထိုင်ဝမ်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ကာ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required