ပါကစ္စတန် ရူပီးငွေတန်ဖိုး ကျဆင်းမှုက နှစ် ၅၀ ကျော်အတွင်း  အဆိုးဆုံး ကာလကို ရောက်ရှိ 

ပါကစ္စတန် ရူပီးငွေတန်ဖိုး ကျဆင်းမှုက နှစ် ၅၀ ကျော်အတွင်း  အဆိုးဆုံး ကာလကို ရောက်ရှိ 

ပါကစ္စတန်နိုင်ငံတွင် သွင်းကုန် ငွေပေးချေရမှု ပမာဏ မြင့်တက်ခြင်း၊ နိုင်ငံခြားအရန်ငွေများ လျော့နည်း လာခြင်းတို့နှင့် ရင်ဆိုင်လုံးပန်းနေရစဉ် ပြည်တွင်းသုံး ရူပီးငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက ၁၄ ဒသမ ၅ ရာခိုင်နှုန်းအထိ တန်ဖိုးလျော့ကျပြီး နှစ် ၅၀ ကျော်အတွင်း အဆိုးဆုံးသောလ ဖြစ်ခဲ့သည်။ 

ရူပီးငွေသည် ဇူလိုင်လက ဘဏ်အချင်းချင်း ဈေးကွက်၌ တစ်ဒေါ်လာလျှင် ၂၀၄ ဒသမ ၈၅ ရူပီးနှုန်းဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ သို့သော် အီးဒ်ပွဲတော် အားလပ်ရက်များကြောင့် ငွေအရောင်းအဝယ် လုပ်ဆောင်ချိန်များ ပိုမို နည်းပါးခဲ့သော်လည်း ရူပီးငွေသည် ဒေါ်လာငွေနှင့် လဲလှယ်ရာတွင် ဆိုးရွားစွာ တန်ဖိုးလျော့ကျခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် တစ်ဒေါ်လာလျှင် ၂၃၉ ဒသမ ၃၇ ဖြင့် ရှိနေခဲ့သည်။

 ပါကစ္စတန် ပြည်တွင်းသုံး ရူပီးငွေတန်ဖိုး စံချိန်တင် ၅၇ ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည့် ၁၉၇၂ ခုနှစ် မေလနောက်ပိုင်း ယခုတစ်ကြိမ် တန်ဖိုးကျဆင်းမှုက ဒေါ်လာနှင့် ယှဉ်လျင် ရူပီးငွေ၏ ဒုတိယမြောက် အဆိုးဆုံးသော လအလိုက် ရပ်တည်မှုလည်း ဖြစ်ခဲ့သည်။

၁၉၇၂ ခုနှစ် မေလတွင် ထိုစဉ်က တာဝန်ယူခဲ့သော အစိုးရသည် ပါကစ္စတန် ရူပီးငွေကို တန်ဖိုးလျှော့ချရန် ကြေညာခဲ့ပြီး ငွေတန်ဖိုးချင်း တူညီမှု တန်ဖိုးကို တစ်ဒေါ်လာလျင် ရူပီး ၄ ဒသမ ၇၇ မှ ၁၁ ရူပီးသို့ လျှော့ချခဲ့ကာ ထိုဆုံးဖြတ်ချက်က မလွဲမရှောင်သာ ချခဲ့ရခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 ထို့နောက် နှစ် ၅၀ ကာလကြာ ဖြတ်သန်းလာပြီးနောက် ၂၀၂၂ ဇူလိုင်လတွင် ရူပီးငွေသည် တစ်ဒေါ်လာလျှင် ၂၀၀ ကျော်နှုန်း အဆင့်ကို ရောက်ရှိထားခဲ့သည်။

 ယခုနောက်ဆုံး ပါကစ္စတန်ရူပီးငွေတန်ဖိုး ကျဆင်းမှုက ပြည်တွင်း နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်ခြင်း၊ နိုင်ငံခြားအရန်ငွေကြေးများ နည်းပါးခြင်း အပါအဝင် အကြောင်းရင်း အချက်အလက် အများအပြားနှင့် သက်ဆိုင်နေ သည်ဟု မှတ်ယူနိုင်သလို ပါဝင်ပတ်သက်သူများ၏ ဈေးကစားသည့် လုပ်ဆောင်ချက်ဖြစ်သည် ဟုလည်း ကျွမ်းကျင်သူများက ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly