နန်စီပလိုစီ ထွက်ခွာအပြီး နာရီပိုင်းအကြာ တရုတ်က ထိုင်ဝမ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများ စတင်

နန်စီပလိုစီ ထွက်ခွာအပြီး နာရီပိုင်းအကြာ တရုတ်က ထိုင်ဝမ်ဝန်းကျင်တွင် စစ်ရေးလေ့ကျင့်မှုများ စတင်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီထွက်ခွါအပြီး နာရီပိုင်းအကြာ၌ တရုတ်သည် ထိုင်ဝမ် ပင်မကျွန်းဝန်းကျင်တွင် ဩဂုတ် ၃ ရက်က စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ဒေသစံတော်ချိန် မွန်းတည့်ချိန်၌ ထိုင်ဝမ်ကျွန်းပတ်လည်ရှိ သတ်မှတ်ဇုန် ၆ ခုတွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုစတင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာကို ကိုးကား၍ Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်စစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲမှုဌာနချုပ်သည် ထိုင်ဝမ်အနီးရှိ မြောက်ပိုင်း၊ အနောက်တောင်နှင့် အရှေ့တောင်ဘက် ရေပြင်နှင့် လေပိုင်နက်တို့တွင် ပူးတွဲတိုက်ခိုက်ရေးလေ့ကျင့်မှုများကို ဩဂုတ် ၃ ရက်က ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

အရှေ့ပိုင်းကွပ်ကဲရေးဌာနချုပ်၏ လေ့ကျင့်မှုတွင် ရေတပ်၊ လေတပ်၊ ဒုံးပျံတပ်ဖွဲ့၊ ဗျူဟာမြောက် ပံ့ပိုးရေးတပ်ဖွဲ့နှင့် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် တာဝေးပစ် ကျည်အစစ်ဖြင့်ပစ်ခတ်မှုနှင့် သမားရိုးကျ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုများ ပါဝင်ကြောင်း တရုတ်စစ်တပ် ရေတပ်သုတေသနဌာနမှ စီနီယာသုတေသီ ကျန်းဂျန်ရှဲက ပြောသည်။

 နိုင်ငံတကာသဘောတူညီချက်များအရ စစ်ရေးလေ့ကျင့်မှုဧရိယာများကို ၃ ရက်ကြိုတင်၍ ကြေညာ ရမည်ဖြစ်သလို အရေးပေါ်အခြေအနေ၌ ၂၄ နာရီကြိုတင်၍ သတိပေးရမည်ဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံအုပ်စု (ဂျီ-၇) က ပလိုစီ၏ ခရီးစဉ်အပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး တရုတ်၏ လှုပ်ရှားမှုများသည် မလိုအပ်သောအရှိန်မြင့်မှုများဖြစ်လာစေနိုင်သဖြင့် တည်တည်ငြိမ်ငြိမ် လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ်မှ ထွက်ခွာပြီး နာရီပိုင်းအကြာတွင် တရုတ်က ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) သို့ လေယာဉ် ၂၇ စီး စေလွှတ်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required