ဗီဒီယိုဖိုင်ဟောင်းကိုအသုံးပြုကာ NGO များကို တိုက်ခိုက်နေ

By နေဇော်(မဇ္ဈိမ)
04 August 2022
ဗီဒီယိုဖိုင်ဟောင်းကိုအသုံးပြုကာ NGO များကို တိုက်ခိုက်နေ

ဩဂုတ် ၄

၂၀၁၁ ခုနှစ်က ဗီဒီယိုဖိုင်အဟောင်းဖြင့် မြန်မာနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO)များကို အဓိကထား တိုက်ခိုက်ထားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မီဒီယာတွင် ပျံ့နှံ့လျက်ရှိသည်။

Ko Thet's News ဟု အမည်ရသည့် တယ်လီဂရမ်ချန်နယ်မှ ဩဂုတ် ၁ ရက်နေ့ ည ၇နာရီ ၁၂မိနစ်တွင် " လူသားချင်းစာနာထောက်ထားခေါင်းစဉ်နဲ့ဝင်ရောက်လာတတ်တဲ့ NGO အဖွဲတွေရဲ့ဒေါ်လာကုန်ကူးမှု၊ ဘိန်းကုန်ကူးမှုကြီး ဖမ်းမိ ..ဒါကြောင့် မြန်မာပြည်မှာလည်း NGO အဖွဲတွေကိုစောင့်ကြည့်ထားဖိုလိုပြီ။" ဟု(မူရင်းအရေးအသားအတိုင်) ရေးသားကာ ဗီဒီယိုတစ်ခုကို ထည့်သွင်း ဖြန့်ဝေထားသည်။

ဗီဒီယိုဖိုင်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အဖွဲ့အစည်းတံဆိပ်ပါ သံသေတ္တာများ တွေ့ရပြီး ၎င်းသေတ္တာများထဲတွင် အမေရိကန်ဒေါ်လာဟုယူဆရသော ငွေကြေးများထည့်ထားသည်ကို ရိုက်ကူးထားပြီး ကြာမြင့်ချိန်မှာ ၁ မိနစ်နှင့် ၄ စက္ကန့်တိတိ ဖြစ်သည်။

၎င်းဗီဒီယိုဖိုင်အား ကြည့်ရှုသူ ၁၃၇၀၀ ထိရှိခဲ့သည်။ တပ်ကြပ်ကြီးဖိုးစည်၊ ထွေရာလေးပါးဒဂေါက်ဖာ သတင်းစုံ၊ မှိုင်းဝေအစရှိသည့်တယ်လီဂရမ်ချန်နယ်များနှင့် ဖေ့စ်ဘုတ်အကောင့်များမှလည်း ထပ်ဆင့် ဖြန့်ဝေခဲ့ကြသည်။

ဗီဒီယိုဖိုင်အား ယခုလင့်များတွင် https://bit.ly/3br5OS7, https://bit.ly/3BDSoN0 ကြည့်ရှုနိုင်သည်။

Ko Thet's News ၏ ရေးသားချက်တွင် ၎င်းဖြစ်စဉ်မှာ မည်သည့်နိုင်ငံ၊ မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့ သည်ကို ထည့်သွင်းရေးသားထားခြင်း မရှိပေ။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ ၎င်းဗီဒီယိုဖိုင်ကို ဗီဒီယိုများစစ်ဆေးရာတွင်အသုံးပြုသည့် www.invid-project.eu ဖြင့်စစ်ဆေးခဲ့ရာ တူရကီအခြေစိုက် သတင်းအချက်အလက်စိစစ်သည့်အဖွဲ့ အစည်းဖြစ်သော Verify-Sy ဝက်ဘ်ဆိုဒ်မှ ၂၀၁၈ ခုနှစ်တွင် ၎င်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ အချက်အလက် စစ်ဆေးခဲ့သည်ကိုတွေ့ရှိခဲ့သည်။

ထိုဝက်ဘ်ဆိုဒ်မှ ဗီဒီယိုဖိုင်နှင့်ပတ်သက်၍“လစ်ဗျားနိုင်ငံတွင် ကဒါဖီအစိုးရပြုတ်ကျပြီးနောက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက ဂါနာနိုင်ငံမြို့တော် အက်ကရာ(Accra) အနီးရှိဂိုဒေါင်တစ်ခုမှတွေရှိရသည့် သေတ္တာများဖြစ် ပြီး ၎င်းသေတ္တာများထဲတွင်မှောင်ခိုသယ်ဆောင်လာသောငွေများပါဝင်သည်ကို Global News ဝက်ဘ်ဆိုဒ် ကဖော်ပြထားကြောင်း” ရေးသားထားသည်။

ယင်းပို့စ်ကို https://bit.ly/3zUNsC5 မှာ ဝင်ရောက်ကြည့်ရှုနိုင်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှလည်း ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ၎င်း ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ၎င်းတို့၏ပုံရိပ်ကို အလွဲသုံးစားပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အား https://bit.ly/3zY77Br တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

ထို့ကြောင့် Ko Thet's News ဖြန့်ဝေထားသည့်ဗီဒီယိုဖိုင်သည် ၂၀၁၈ ခုနှစ်က ပျံ့နှံ့ခဲ့ဖူးသည့် သတင်းအမှား တစ်ခုကို ယခုချိန်တွင်ပြန်လည်မျှဝေထားသည့်အပြင် မြန်မာနိုင်ငံရှိ NGO အဖွဲ့အစည်းများအား အဓိက ထား တိုက်ခိုက်ထားခြင်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly