တရုတ်က ပါကစ္စတန်သို့ ရောင်းချထားသော ဒုံးကျည်များအတွက် အပိုပစ္စည်းများ ရောင်းချမပေးနိုင် 

တရုတ်က ပါကစ္စတန်သို့ ရောင်းချထားသော ဒုံးကျည်များအတွက် အပိုပစ္စည်းများ ရောင်းချမပေးနိုင် 

တရုတ်က ပါကစ္စတန်၏ လေကြောင်းရန်ကာကွယ်ရေးလိုအပ်ချက်များကို ပေးရန် ပျက်ကွက်နေပြီး လွန်ခဲ့သည့် ၅ နှစ်က တရုတ်က ရောင်းချပေးခဲ့သော ပါကစ္စတန်၏ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်များ ကောင်းစွာ အသုံးမပြုနိုင်သည်မှာ  ထင်ရှားနေသည်။

လက်နက်စနစ်များကို အပြည့်အဝအသုံးချနိုင်မည့် အပိုပစ္စည်းများ လုံလောက်စွာရရှိရန်လိုအပ်သော်လည်း တရုတ်၏  ဖြည့်ဆည်းရောင်းချသည့် လုပ်ငန်း ချို့ယွင်းချက်များနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ရှိနေကြောင်း ပထဝီဝင်နိုင်ငံရေးသတင်းများကို ဖော်ပြသည့် ဝက်ဘ်ဆိုက် Difesa Online က ဖော်ပြခဲ့သည်။

 ယခု အခြေအနေအတိုင်း  ဆက်လက်ဖြစ်ပေါ်နေပါက ပါကစ္စတန်၏ ဝေဟင်ကို ကာကွယ်ရန် အခက အခဲကြုံရ နိုင်ပြီး ပါကစ္စတန်အတွက် ဆိုးရွားသော အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။

၂၀၁၇ခုနှစ်တွင်  ပါကစ္စတန်က ဝယ်ယူခဲ့သည့် HQ-16 (LY-80) တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ သည်   ပါကစ္စတန်အတွက် အဓိကကျသော ကာကွယ်ရေး စနစ်ဖြစ်သည်။

အဆိုပါ HQ-16 စနစ်သည်  ဒေါင်လိုက်ပစ်လွှတ်မှုစနစ် တပ်ဆင်ထားပြီး  ၃၆၀ ပတ်လည် ပစ်ခတ်နိုင်သလို  ရှုပ်ထွေးသော ပထဝီဝင်ပတ်ဝန်းကျင်တွင် အသုံးချနိုင်သည်။

သို့သော် စနစ်တွင် ချို့ယွင်းချက်ပေါင်း ၄၇၇ ခုအထိရှိကြောင်း Difesa Online သတင်းတွင် ဖော်ပြထားသည်။ 

 ယင်းအားနည်းချက်များသည် ပါကစ္စတန်လေကြောင်းရန် ကာကွယ်ရေးအတွက် အကြီးအကျယ် ထိုးနှက်ချက် ဖြစ်သောကြောင့် ကာကွယ်ရေးစနစ်များ လုံခြုံစေရန် ပါကစ္စတန်က ကြိုးပမ်းခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်။ 

 ၂၀၂၁ခုနှစ် မေလမှ ဇွန်လတွင် တရုတ်ကုမ္ပဏီသည် အဆိုပါပြဿနာကို ဖြေရှင်းရန်နှင့် ချို့ယွင်းချက်များကို ပြုပြင်ရန် နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သော်လည်း  ပြဿနာများကို ဖြေရှင်းရန် အလွန်ကျယ်ပြန်သောကြောင့်    အောင်မြင်စွာ မလုပ်ဆောင်နိုင်ခဲ့ပေ။ 
 
အောက်တိုဘာလတွင် တရုတ်အင်ဂျင်နီယာ ဒုတိယအဖွဲ့တစ်ဖွဲ့ကို ထပ်မံ စေလွှတ်ခဲ့သော်လည်း ပြုပြင်နိုင်ခြင်းမရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly