ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး  တရုတ်တစ်နိုင်ငံမူဝါဒကို လိုက်နာရန်  ရှီကျင့်ဖျင်က ဘိုင်ဒန်ကို သတိပေး

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး  တရုတ်တစ်နိုင်ငံမူဝါဒကို လိုက်နာရန်  ရှီကျင့်ဖျင်က ဘိုင်ဒန်ကို သတိပေး

နှစ်နိုင်ငံခေါင်းဆောင်များအကြား ဇူလိုင်လ ၂၈ရက်က ဗီဒီယိုခေါ်ဆိုမှုတစ်ခုအတွင်း တရုတ်တစ်နိုင်ငံမူဝါဒကို လိုက်နာရန်နှင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး 'မီးနှင့် မကစားရန်' တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို   သတိပေးလိုက်သည်။

"မီးနဲ့ကစားသူတွေ မီးလောင်ခံရပါလိမ့်မယ်။ အမေရိကန်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိမြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်တစ်ပြည်တည်း မူဝါဒကို လေးစားလိုက်နာပြီး ပူးတွဲကြေညာချက် ၃ ခုကို စကားအားဖြင့်ဖြစ်စေ၊ လက်တွေ့အနေနဲ့ဖြစ်စေ အကောင်အထည်ဖော်သင့်ပါတယ်"

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးကို တစ်နိုင်ငံနှင့် တရုတ်တစ်နိုင်ငံတည်းနှင့် သက်ဆိုင်ကြောင်း ရှီက အလေး ပေးပြောကြားခဲ့ပြီး ခွဲထွက်ရေးသမားများ “ထိုင်ဝမ် လွတ်လပ်ရေး” ကြိုးပမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ရှီက ပြောကြားခဲ့သည်။

 တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအတွက် နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်သည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အမေရိကန်အနေဖြင့် လိုက်နာသင့်သည်ဟု တရုတ်နိုင်ငံခြားရေးဌာနမှ ရှီ၏ ပြောကြားချက်ကို ကိုးကား၍ တရားဝင်ထုတ်ပြန်ခဲ့သည်။

"အမေရိကန်ရဲ့ မူဝါဒက မပြောင်းလဲပါဘူး။ လက်ရှိအနေအထားကို ပြောင်းလဲဖို့ ဒါမှမဟုတ် ထိုင်ဝမ် ရေလက် ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ တစ်ဖက်သတ် ကြိုးပမ်းမှုတွေကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ်" ဟု ဘိုင်ဒန်၏ ပြောကြားချက်ကို ကိုးကား၍ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်၏ တောင်းဆိုချက်အရ ရှီကျင့်ဖျင်သည် ဘိုင်ဒင်နှင့် ဖုန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းသည် မတ်လတွင် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ဒုတိယအကြိမ် ဆွေးနွေးမှုဖြစ်သည်။ 

သမ္မတနှစ်ဦးသည် တရုတ်နှင့်အမေရိကန် ဆက်ဆံရေးအပြင် အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required