ပါကစ္စတန်တွင် ၁၃ နှစ်အရွယ် ကလေးငယ် ပြန်ပေးဆွဲခံရမှုကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်

ပါကစ္စတန်တွင် ၁၃ နှစ်အရွယ် ကလေးငယ် ပြန်ပေးဆွဲခံရမှုကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်လခန့်အကြာက ပြန်ပေးဆွဲခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို ပြန်လည် ရှာဖွေပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဆင်းဒ်ပြည်နယ် ဂျာကိုဘာဘတ်မြို့၌   ဇူလိုင် ၂၈ ရက်က  ပေါ်ပေါက်ခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

အဆိုပါ ကလေးငယ်သည် ဂျာကိုဘာဘတ်မြို့၏ နယ်မြေတစ်ခုဖြစ်သော ရမ်ဇန်ပူရ်၌ ပြန်ပေးဆွဲ ခံခဲ့ရခြင်းဖြစ်သည်ဟု Dawn သတင်းစာက ဖော်ပြသည်။ 

ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများသည် ရဲများကို ဆန့်ကျင်သော ဆောင်ပုဒ်များ ရေးသားထားသည့် လက်ကိုင်ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

စိတ်လှုပ်ရှားနေခဲ့ကြသော ဆန္ဒပြသူများသည် ဒေသရှိ မီဒီယာအသင်းတိုက်တစ်ခုဆီ ဦးတည်ပြီး မြို့တွင်း၌ ချီတက်ခဲ့ကြကာ မီဒီယာအသင်းတိုက်သို့ ရောက်ရှိချိန် ဒေသရဲတပ်ဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုများ လုပ်ဆောင် ခဲ့ကြသည်။

သံသယရှိ ပြန်ပေးဆွဲသူများဖြစ်ကြသော မန်ဇူအာ အာမက်ဒ်နှင့် မယ်လ်ဟာ ချိုဟန်တို့ကို အရေးယူရန် ရဲတပ်ဖွဲ့ဘက်က လုံးလုံးလျားလျား ပျက်ကွက်” နေသည်ဟု ၎င်းတို့က စွပ်စွဲခဲ့ကြသည်။

ဆန္ဒပြသူများထဲတွင် အဓိကအားဖြင့် ရာဟိုဂျာ အသိုင်းအဝိုင်းနှင့် ၎င်းတို့ကို အားပေးထောက်ခံသူများ ပါဝင်ခဲ့ကြသည်။

ရာဟိုဂျာ အစ်တီဟတ်ဒ်၏ ဥက္ကဋ္ဌ အာမီရာ ဘာကက်ရှ်၊ အလီ နာဝက်ဇ်၊ ဇူလီခါ အလီ ရာဟိုဂျာနှင့် အခြားသူများက ပြည်တွင်းမီဒီယာကို ပြောကြားရာတွင် အသက် ၁၃ နှစ်အရွယ် တူဖေးလ် ရာဟိုဂျာ အမည်ရ ကလေးငယ်သည် ပြီးခဲ့သည့် နှစ်လနီးပါးခန့်အကြာကတည်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ သံသယရှိ ပြန်ပေးဆွဲသူများက ၎င်းလွတ်မြောက်ရေးအတွက် ပြန်ရွေးငွေ တောင်းခံနေကြောင်း ပြောခဲ့သည်ဟု မီဒီယာသတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly