ကုလအတွင်းရေးမှူးချုပ်ဟောင်းဘူးထရို့စ်ဂါလီ အသက် ၉၃နှစ်အရွယ်တွင် ကွယ်လွန်

ကုလအတွင်းရေးမှူးချုပ်ဟောင်းဘူးထရို့စ်ဂါလီ အသက် ၉၃နှစ်အရွယ်တွင် ကွယ်လွန်

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၁၇ ။             ။ ရဝမ်ဒါနှင့် ဘော့စ်နီးယားတို့တွင် မအောင်မြင်သော မစ်ရှင်များနှင့်အတူ အခက်ခဲဆုံးကာလတစ်ခုအတွင်း ကုလသမဂ္ဂကို ဦးဆောင်ခဲ့သော အတွင်းရေးမှူးချုပ်ဟောင်း ဘူးထရို့စ်ဘူးထရို့စ်ဂါလီသည် ဖေဖော်ဝါရီ ၁၆က ကိုင်ရိုတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ အသက်မှာ ၉၃နှစ်ရှိနေပြီဖြစ်သည်။

အီဂျစ်လူမျိုးဖြစ်သူ ဘူးထရို့စ်ဂါလီသည် ၁၉၉၂က အာဖရိကတိုက်မှ ပထမဆုံးအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သူဖြစ်သည်။ သို့သော်လည်း ၎င်း၏ ဒုတိယသက်တမ်းကို့အမေရိကန်က ဗီတိုအာဏာ သုံးပယ်ချခဲ့သဖြင့် ပထမငါးနှစ်သက်တမ်းသာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။

ဘူးထရို့စ်ဂါလီသည် အထင်ကြီးလေးစားလောက်ဖွယ် အတွေ့အကြုံ ညဏ်ပညာတို့ဖြင့် အတွင်းရေးမှူးချုပ်ရာထူးသို့ ရရှိခဲ့သူဖြစ်ပြီး လေးစားခံရသည့် နိုင်ငံပြုပုဂ္ဂိုလ်နှင့် နိုင်ငံတကာ ဥပဒေပညာရှင်ဖြစ် သည်ဟု ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့သည်။ "ကုလသမဂ္ဂ၊ ဝန်ထမ်းတွေနဲ့ မစ်ရှင်အပေါ်မှာ သူ့ရဲ့နှစ်မြုပ်ထားမှုက အမှားမရှိနိုင်ပါဘူး။ အဖွဲ့အစည်းအပေါ်မှာ သူထားခဲ့တဲ့ အမှတ်လက္ခဏာကို ချန်ထားလို့မရပါဘူး"ဟု ဘန်ကပြောသည်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ဝါရင့်သံတမန် တစ်ဦးဖြစ်သူ ဘူထရို့စ်ဂါလီသည် ဆိုမာလီယာ၊ ရဝမ်ဒါ၊ အရှေ့အလယ်ပိုင်းနှင့် ယခင်ယူဂိုဆလားဗီးယားတို့တွင် အကျပ်အတည်းများဖြစ်ပေါ်စဉ် အခက်ခဲဆုံးကာလတစ်ခုအတွင်း ကုလသမဂ္ဂကို ဦးဆောင်ခဲ့ရသူဖြစ်သည်။ အမေရိကန်အစိုးရနှင့် ပဋိပက္ခများစွာ ဖြစ်ပွားပြီးနောက် ဝါရှင်တန်သည် ဘူးထရို့စ်ဂါလီကို ဆန့်ကျင်ကာ ၁၉၉၆ နောက်ပိုင်းတွင် အတွင်းရေးမှူးချုပ်ရာထူးအတွက် ဂါနာနိုင်ငံသား ကိုဖီအန်နန်ကို ထောက်ခံရန် ဆုံးဖြတ်ခဲ့သည်။

ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းကလည်း ဘူးထရို့စ်ဂါလီကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကြီးကျယ်မြင့်မြတ်သည့် အီဂျစ်လူမျိုး ကြီးကျယ်မြင့်မြတ်သည့် ကုလဝန်ထမ်း ဘူးထရို့စ်ဂါလီသည် ကမ္ဘာတစ်ဝန်းက ပဋိပက္ခများကို တားဆီးရန်နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် မမောမပန်းအလုပ်လုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာအရေးကိစ္စများတွင် ဘူးထရို့စ်ဂါလီ၏ ကူညီဆောင်ရွက်ပေးမှုများကို ကာလကြာရှည် သတိရနေမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟာမန်းက ပြောသည်။ ကိုင်ရိုရှိ ဆေးရုံ တစ်ခုတွင် ကွယ်လွန်ခဲ့သော ဘူးထရို့စ်ဂါလီကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် လုံခြုံရေးကောင်စီသံတမန်များက ခတ္တငြိမ်သက်မှုပြုလုပ်ပြီးမှ နယူးယောက်တွင် အစည်းအဝေးတစ်ခုကို စတင်ခဲ့သည်။

၎င်း၏သက်တမ်းကာလတွင် ကုလသည် ငြိမ်းချမ်းရေးမစ်ရှင်များကို တိုးချဲ့ခဲ့သည်။ သို့သော်လည်း ၁၉၉၄ လူမျိုးတုံးသတ်ဖြတ်မှုမတိုင်မီ ရဝမ်ဒါမှ ဆုတ်ခွာမှုနှင့် နောက်တစ်နှစ်အကြာ ဘော့စနီးယား၏ ဆရီဘရီနီကာမှာ ဆုတ်ခွာရခြင်းတို့က စိတ်ပျက်ဖွယ် မအောင်မြင်မှုများအဖြစ် ရှုမြင်ကြသည်။ ဘူးထရို့စ်ဂါလီသည် ကုလ၏ ဆဋ္ဌမမြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်းထမ်းဆောင်ခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly