ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) လျှောက်လွှာများ စတင် ရောင်းချရာ ဝယ်ယူသူများပြား

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) လျှောက်လွှာများ စတင် ရောင်းချရာ ဝယ်ယူသူများပြား

ဩဂုတ်လ ၃ ရက်

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင်ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT 2022 December အတွက် လျှောက်လွှာများကို ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် စတင်ရောင်းခဲ့ချရာ ဝယ်ယူသူ များပြားလွန်းသဖြင့် နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

“ဂျပန်စာ စာမေးပွဲဖြေဖို့က မလွယ်ပါဘူး။ ဖောင်ဝယ်ဖို့စောင့်တာတောင် မနက် ၃ နာရီ ၄ နာရီကတည်းက လာရတယ်။ အဲဒါတောင် လူတန်းကြီးတန်းစီရတယ်။ ဒီနေ့ မနက်ကတည်းကမိုးရွာနေတော့ တိုးကြိတ်စီ နေရတာအဆင်မပြေဘူး။ JLPT ဆို ဖြေတဲ့သူကများတော့ အွန်လိုင်းကနေဖောင်ဖြည့်တုန်းကလည်း အဆင်မပြေဘူး။ လူကိုယ်တိုင်တန်းစီရတော့လည်း အဆင်မပြေဘူး။ မနက်လောက်မှ ရောက်လာတဲ့ သူတွေဆို ရင်တမမနဲ့နေရမယ်။ ဖောင် ရ မရမ သေချာတော့လို့” ဟု ရန်ကုန်မှ JLPT လျှောက်လွှာ ဝယ်ယူသူတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင်လည်း JLPT လျှောက်လွှာဝယ်ယူသူများ အဆမတန်များပြားနေသဖြင့် ယနေ့အတွက် ဖောင်အရောင်းရပ်လိုက်ပြီဖြစ်ကြောင်းကို “ယနေ့ မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများစတင် ရောင်းချရာ လာရောက်ဝယ်ယူသူ အဆမတန်များပြားပါသောကြောင့် ယခုအချိန်အထိ တိုတင်ရယူသူ များမှလွဲ၍ ယနေ့အတွက် လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းပါမည်” ဟု JLPT စာမေးပွဲ ကျင်းပရေး ကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၏ ထုတ်ပြန်ချက်အရ သိရသည်။

“စီစဉ်မှုအရမ်းညံ့တယ်လို့ပြောရမယ်။ ဒီစာမေးပွဲဟာ ဒီကာလမှာကျင်းပတာ ဘယ်နှစ်ခေါက်ရှိပြီလဲ အရှေ့အခေါက်တွေမှာ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ သူတို့သိတာတောင် လူကိုယ်တိုင် လာဝယ်မှ ပိုဆိုး နေတယ်။ လူများမယ်ဆိုတာသိပြီးတော့ ရောင်းနိုင်သလောက်ပဲရောင်းမယ် မရှိရင် မရောင်းတော့ဘူးလုပ် လို့မရဘူး။ ကိုယ်တိုင်လာဝယ်တာ ရှိတယ်။ သင်တန်းကျောင်းက သူတို့သတ်မှတ်ဦးရေဝယ်လို့ရ သလောက် သတ်မှတ်ချက်အတိုင်း ကိုယ်စားလာဝယ်ရတာရှိတယ်။ နယ်ကနေ တကူးတက လာရတဲ့ သူတွေလည်းရှိတယ်။ တွေ့ရတာတွေမှာ တချို့ဆို အကြာကြီးမတ်တပ်ရပ်စောင့်ရတော့ လူတွေကြားထဲ မူးလဲတာလည်းရှိတယ်။ လူပင်ပန်းတာကိုမကြည့်ဘူး ပိုက်ဆံရရင်ပြီးရောလုပ်တာ။ အွန်လိုင်းတုန်းက လည်း အဲဒီလိုပဲ။ အခုလည်း ဒီလိုပဲ။ အခုက ပိုဆိုးတယ်” ဟု မန္တလေးမြို့ရှိ သင်တန်းကျောင်းတစ်ခုမှ JLPT လျှောက်လွှာလာရောက်ဝယ်ယူသူကပြောသည်။

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT 2022 December အတွက် အသေးစိတ်အချက်အလက်များ အား Myanmar Association of Japan Alumni (MAJA) ဖေစ့်ဘွတ်ပေ့ချ်တွင် ဖော်ပြထားသော်လည်း ထပ်မံ၍သိရှိလိုသည်များကို မေးမြန်နိုင်ရန်ထည့်သွင်းပေးထားသောဖုန်းနံပါတ်များမှာ စက်ပိတ်ထား သည့်အချိန်ကများ၍ စုံစမ်းရန် အခက်အခဲများလည်းရှိခဲ့သည်ဟု မန္တလေးမှ JLPT စာမေးပွဲဖြေမည့် သူ များထံမှ သိရသည်။

JLPT စာမေးပွဲအား ရန်ကုန်နှင့်မန္တလေးနှစ်မြို့ပေါင်း ၄၆၃၉၇ ဦးစာ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး စာမေးပွဲအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက် လွှာတင်ကြေးမှာ တစ်စောင်လျှင် ကျပ် ၃,၀၀၀ ဖြစ်ပြီး N1 ၊ N2 ၊ N3 အတွက် စာမေးပွဲကြေးမှာ ၄၀,၀၀၀ ကျပ်ဖြစ်ကာ N4 နှင့် N5 အတွက် ၃၅,၀၀၀ ကျပ် ကျသင့်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လက ကျင်းပခဲ့သော JLPT စာမေးပွဲအတွက် ဖောင်တင်ခြင်းအား အွန်လိုင်း လျှောက်လွှာ သာလက်ခံခဲ့ပြီး N1 မှ N4 ထိ level လေးခုသာ ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly