ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၍ ၃၀ ဦးသေဆုံးဟု DGRF ထုတ်ပြန်

By ကိုရွှေမြိတ်
03 August 2022
ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၍ ၃၀ ဦးသေဆုံးဟု DGRF ထုတ်ပြန်

ရေဖြူ၊ ဩဂုတ်လ၊ ၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ဝက်ချောင်းရွာတံတားအနီးတွင် ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီခွဲခန့်က မြေတင်ကားတစ်စီးနှင့် Vigo ကား လေးစီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးသွားကြောင်း ထားဝယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ DGRFက ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းသည်ရေဖြူမြို့နယ် ဧကနီနှင့် ခမောင်းချောင်းရွာရှိ လူနေအိမ်ရှစ် လုံးခန့်ကို မီးရှို့ဖျက်ဆီးပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ခမောင်းချောင်းရွာနေဒေသခံတစ်ဦးက “စစ်ကားတွေကိုမိုင်းဆွဲခံရတော့ သူတို့ဖက်က ထိသွားလို့ ဖြစ်မယ် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တော့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်”ဟု ပြောသည်။

ထို့အပြင် သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း သဗြေဇွန်းရွာအနီးတွင် ကားခုနစ်စီးပါ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ရာတွင် ထိချက်လွဲချော်သွားခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရ သည်။

အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DGRF)၊ လောင်းလုံး ပြည်သူ့ကာကွယ် ရေးအဖွဲ့ (LLPDF)၊ T-PDF တို့ အဖွဲ့သုံးဖွဲ့ အတူပူးပေါင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ရေဖြူမြို့ လမ်းပိုင်းတစ်နေရာ

#Mizzima

#တနင်္သာရီတိုင်း

#ရေဖြူမြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#ယာဉ်တန်း

#မိုင်ခွဲတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required