တတိယနိုင်ငံသို့ချဲ့ထွင်မည့် အလားအလာရှိသော CPEC စီမံကိန်းများကို အိန္ဒိယက အပြင်းအထန် ကန့်ကွက်

တတိယနိုင်ငံသို့ချဲ့ထွင်မည့် အလားအလာရှိသော CPEC စီမံကိန်းများကို အိန္ဒိယက အပြင်းအထန် ကန့်ကွက်

အိန္ဒိယသည် ၎င်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးအပေါ် စိုးရိမ်ကြောင်းနှင့် မည်သည့်တတိယ နိုင်ငံသို့မဆို တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းများ ချဲ့ထွင်မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ဇူလိုင် ၂၈ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

 တရုတ်နှင့် ပါကစ္စတန်တို့သည် အာဖဂန်နစ္စတန်တွင် CPEC စီမံကိန်းများ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ပြည်ပရေးရာဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက ယခုသို့ မှတ်ချက်ပြုလာခြင်းဖြစ်သည်။

 “အဓိကအချက် ၂ ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းလင်းတဲ့ ကြေညာချက် ထုတ်ပြန်ပြီးသားပါ။ တစ်ခုက အိန္ဒိယရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ဆန့်ကျင်တဲ့ ပါကစ္စတန်သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယား က လှုပ်ရှားမှုတွေပါ။ ဒါကို ကန့်ကွက်ပါတယ်။ ဒုတိယအချက်က ဘယ်တတိယနိုင်ငံမဆို အိန္ဒိယရဲ့ အချုပ်အခြာ အာဏာကို မချိုးဖောက်ရပါဘူး” ဟု ဘာချီက အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ပါကစ္စတန်က တရားမဝင်သိမ်းပိုက်ထားသော အိန္ဒိယပိုင်နက်ရှိ CPEC စီမံကိန်းများကို အိန္ဒိယက အစဉ်အမြဲ ဆန့်ကျင်ကြောင်း ဘာချီက ဆိုသည်။

အကျိုးတူပူးပေါင်းဆောင်ရွက်မှုဟုခေါ်သော ဘီလီယံပေါင်းများစွာတန်သည့် CPEC စီမံကိန်းများတွင် ပါဝင်ရန် စိတ်ဝင်စားသော မည့်သည့်နိုင်ငံကိုမဆို ဖိတ်ခေါ်ရန် ပါကစ္စတန်နှင့်တရုတ်တို့က ဆုံးဖြတ်ချချလိုက်သည့်အပေါ် ပြည်ပရေးရာဝန်ကြီးဌာနက ယခုကဲ့သို့တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

 တရုတ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံတစ်ဖိုးရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) စီမံကိန်းကို ကြေညာခဲ့ပြီး ၎င်းတို့အထဲမှ ဘာလိုချီစတန်သည် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။
 
CPEC သည် အာရေဗျပင်လယ် ဘာလိုချီစတန်ရှိ ပါကစ္စတန်၏ တောင်ပိုင်း ဂွါဒါဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းကို ဆက်သွယ်ထားသည်။ ၎င်းစီမံကိန်းတွင် တရုတ်နှင့် အရှေ့အလယ်ပိုင်းအကြား ဆက်သွယ်မှု တိုးတက်စေရန် လမ်း၊ ရထားနှင့် ရေနံပိုက်လိုင်း ချိတ်ဆက်မှုများ အကောင်အထည်ဖော်မည့် အစီအစဉ်များလည်း ပါဝင်သည်။ ဘာလို့ချ်ပြည်သူများသည် ပြည်နယ်အတွင်း တရုတ်ပါဝင်ပတ်သက်မှု ကြီးထွားလာခြင်းကို ဆန့်ကျင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required