ဖားကန့် ဥရုချောင်းတိမ်ကောလာမှု ထိန်းသိမ်းပေးရန်လည်း ကုမ္ပဏီများသဘောတူ

ဖားကန့် ဥရုချောင်းတိမ်ကောလာမှု ထိန်းသိမ်းပေးရန်လည်း ကုမ္ပဏီများသဘောတူ

ချင်းမိုင်(မဇ္ဈိမ) ။          ။ ဥရုချောင်းတိမ်ကောလာမှုကို ပြန်လည်ထိန်းသိမ်းပေးရန်အပါအဝင် အချက် ၄ ချက်ကို ဖားကန့် ကျောက်စိမ်း တူးဖော်ရေးကုမ္ဗဏီများ၊ အာဏာပိုင်များနှင့် ဒေသခံများအကြား ညှိနှိုင်းနိုင်ခဲ့သည်ဟု ဒေသခံ ဦးနောင်လတ်က ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက် ညနေပိုင်းမှ ည ၉ နာရီချိန်ထိ လုံးခင်းမြို့နယ် အုပ်ချုပ်ရေးရုံးတွင် အုပ်ချုပ်ရေးမှူး ဦးချိုသန်း အပါအဝင် မြန်မာတကောင်း၊ တစ်သုံးလုံး၊ မြဦးယာဉ်၊ တောက်ပကြယ် ကုမ္ပဏီများမှ တာဝန်ရှိသူများ နှင့် ဒေသခံ ၃၀ ဦးကျော်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၃ ချက်ကို သဘောတူခဲ့သည်ဟုဆိုသည်။

ဖားကန့်မြို့နယ် လုံးခင်း၊ ဆိုင်းတောင်တို့ နေရာတစ်ချို့တွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ဗဏီများ၏ မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်နေမှုအပေါ် တားဆီးပေးစေရန် ဒေသခံများက ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၅ ရက်ထိ ဆန္ဒ ဖော်ထုတ်ခဲ့ကြပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေပိုင်း၌ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာသည်။

ဒေသခံများက လိုလားသည့် မြေစာသယ်ယဉ်များ ရွာလမ်းမများပေါ်မှ မဖြတ်သန်းရန်၊ မြေစာကြောင့် ဥရုချောင်း တိမ်ကောလာမှုကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးရန်၊ စည်းကမ်းမဲ့ မြေစာပုံများကို ဖယ်ရှားရန်နှင့် ကျောက်စိမ်း တူးဖော်ရာတွင် ဒိုင်းနမိုက်များ သုံးစွဲမှု လျော့ချ၍ စနစ်တကျဆောင်ရွက်ရန်တို့မှ မြေစာသယ် ယာဉ်များ ကျေးရွာတွင်း လမ်းမပေါ်မှ မဖြတ်သန်းရန်ကိုမူ ဆွေးနွေးနိုင်ခြင်း မရှိဟု ဆန္ဒဖော်ထုတ်သူ တစ်ဦးဖြစ်သည့် ဦးနောင်လတ်က မဇ္ဈိမကို ပြောသည်။

“ ၂ ကနေ ၄ ထိကတော့ သဘောတူညီချက်ရတယ်။ သူတို့ကောင်းကောင်းလုပ်ပေးမယ်။ အာမခံတယ်ပေါ့။ ဒါပေမဲ့ စည်းကမ်းမဲ့ မြေသယ်ကား ရွာလမ်းကနေ မဖြတ်သန်းရဆိုတဲ့ အချက်က ပြေလည်မှု မရဘူး။ ဘာကြောင့် မလုပ်ပေးနိုင်လဲ မသိဘူး။ နိုင်ငံတော်က ချမှတ်ထားတယ် ထင်တယ်။ ကျနော်တို့က ဖြတ်ပါလို့ လည်း မပြောဘူး။ မဖြတ်နဲ့လို့လည်း မပြောတော့ဘူး။” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်တွင် ကုမ္ဗဏီလူကြီးများ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဒေသခံများ က ဥရုချောင်းရိုးတလျှောက် မြေစာပုံများအား သွားရောက်ကြည့်ရှုပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ စတင်မည့် နေ့ရက် သတ်မှတ်၍ လက်မှတ်ရေးထိုးကြမည်ဟု သိရသည်။

“အောင်မြင်တယ်လို့ မပြောသေးဘူးနော်။ အဲဒီသုံးချက် သဘောတူညီချက်ရထားပြီ ဆိုပေမဲ့ နုတ်ကတိဘဲ ရှိသေးတယ်။ မနက်ဖြန်မှ လူကြီးတွေရှေ့မှာ လက်မှတ်ထိုးကြမယ်။ သူတို့ ဖောက်ဖျက်ရင် ဘယ်လို အရေးယူမလဲ ဆိုတာမျိုး။” ဟု သူက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ်အတွင်း ဖားကန့်မြို့နယ်အတွင်း မိုးကာလ၌ ရေကြီးခြင်း၊ ကုမ္ဗဏီများမှ စွန့်ပစ်သော မြေစာများ ပြိုကျ၍ လူရာချီ မြေပိသေဆုံးခြင်းတို့ မကြာခဏ ဖြစ်ပွားလာသဖြင့် သဘာဝဘေးအန္တရယ်ကို ကာကွယ်ရန် ခွင့်ပြုချက်ဖြင့် ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly