အမေရိကန်က တောင်ကိုရီးယားကို Chip 4 အမည်ရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းမဟာမိတ်အုပ်စုတွင်ပါဝင်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်စိုးရိမ်

အမေရိကန်က တောင်ကိုရီးယားကို Chip 4 အမည်ရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းမဟာမိတ်အုပ်စုတွင်ပါဝင်ရန် ဖိတ်ခေါ်မှုအပေါ် တရုတ်စိုးရိမ်

 အမေရိကန်နှင့်တရုတ်တို့အကြား တင်းမာမှုများ မြင့်တက်နေချိန်၌ အမေရိကန်က ချစ်ပ်ပြား ထုတ်လုပ် ရောင်းချရေး လုပ်ငန်းစဉ်အတွက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခု တည်ဆောက်မည့် တစ်ပိုင်း လျှပ်ကူးပစ္စည်း မဟာမိတ်အုပ်စု Chip 4 တွင် တောင်ကိုရီးယားအားပါဝင်ရန် ဖိတ်ခေါ်လိုက်ခြင်းသည် တရုတ်နိုင်ငံ ချစ်ပ်ပြားအတွက် တခြားနိုင်ငံများကို မှီခိုရမှုလျှော့ချမည့်  အဓိကရည်မှန်းချက်ကို အနှောင့် အယှက်ဖြစ်စေနိုင်သောကြောင့် တရုတ်က စိုးရိမ်လာသည်။ 

 ထိုသို့ဖိတ်ခေါ်လိုက်မှုသည် ၂၀၃၀ ခုနှစ်၌ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုတွင် ဦးဆောင်နိုင်ငံဖြစ်လာရေးနှင့် အမေရိကန်ကို နောက်ကောက်ကျစေရေးအတွက် ၎င်း၏ စွမ်းရည်နှင့်ထုတ်လုပ်မှုကို တိုးမြှင့်ရန် အချိန်ပိုယူကာလုပ်ဆောင်နေသော တရုတ်အတွက် တုန်လှုပ်စရာဖြစ်သည်။

 အမေရိကန်ဦးဆောင်သော Chip 4 မဟာမိတ်အဖွဲ့တွင် တောင်ကိုရီးယား၊ ဂျပန်နှင့်ထိုင်ဝမ်တို့ ပါဝင်သည်။

 အမေရိကန်သည် မတ်လကက ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်အင်အားစုများဆိုင်ရာ Chip 4 ဗျူဟာမြောက် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်ခဲ့သည်။

မဟာမိတ်အဖွဲ့မှတစ်ဆင့် အမေရိကန်က အမေရိကန်၏ နည်းပညာစွမ်းပကား၊ ဂျပန်၏ပစ္စည်းများနှင့် အစိတ်အပိုင်းများ၊ ကိုရီးယားနှင့် ထိုင်ဝမ်၏ ကုန်ထုတ်လုပ်မှုစွမ်းရည်တို့ကို ပေါင်းစပ်ပေးမည့် တစ်ပိုင်း လျှပ်ကူး ပစ္စည်း ထုတ်လုပ်ရောင်းချရေးအတွက် ပူးပေါင်းလုပ်ဆောင်သည့် အစီအစဉ်တစ်ခု ထူထောင်ရန် ရည်ရွယ်သည်။

 အမေရိကန်က ချစ်ပ်ပြား ထုတ်လုပ်မှုမဟာမိတ်အဖွဲ့တွင် ပါဝင်ရန် တောင်ကိုရီးယားကို တောင်းဆို ထားသော်လည်း တောင်ကိုရီးယားက မတုံ့ပြန်သေးကြောင်း The Financial Post က ဖော်ပြသည်။

 အဆိုပါမဟာမိတ်အဖွဲ့သည် ချစ်ပ်ထုတ်လုပ်သည့် နိုင်ငံအဖြစ် ကြီးထွားလာသော တရုတ်၏စွမ်းရည်များကို ဟန့်တားလိုဟန်ရှိခြင်းကြောင့် တရုတ်ကို စိုးရိမ်မှုများဖြစ်ပေါ်စေသည်။

 တရုတ်သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဖူလုံစေရေးကြိုးပမ်းနေသောကြောင့် ချစ်ပြားအတွက် ၎င်းကိုမှီခိုနေသော ဝယ်လက်အချို့အတွက် ပစ္စည်းရှားပါးလာနိုင်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။

 တရုတ်နိုင်ငံရှိ လေ့လာသုံးသပ်သူများကလည်း အမေရိကန်ဦးဆောင်သော တစ်ပိုင်းလျှပ်ကူးမဟာမိတ်အဖွဲ့ Chip 4 ကို ဝေဖန်ပြစ်တင်ခဲ့ကြသလို နည်းပညာရှင်များစွာက အမေရိကန်အား မျက်စိမှိတ်မယုံကြည်ရန် တောင်ကိုရီးယားကို တိုက်တွန်းခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly