သဘောထားကွဲလွဲမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အတိုက်အခံများအား နှိပ်စက်ညှင်းပန်းနေဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော

သဘောထားကွဲလွဲမှုများကို နှိမ်နင်းရန် စစ်ကောင်စီက အတိုက်အခံများအား နှိပ်စက်ညှင်းပန်းနေဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော

ဩဂုတ် ၂

သေဒဏ်ပေးကွပ်မျက်ခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် လိင်အကြမ်းဖက်ခြင်းများ အပါအဝင် မြန်မာအာဏာသိမ်း စစ်ကောင်စီသည် ၎င်း၏ အုပ်ချုပ်မှုအား ဆန့်ကျင်သူများကို ဖြိုခွဲနှိမ်နင်းရန် လူမဆန်စွာ ရက်စက်ခြင်းများ ကျူးလွန်နေကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ၏ အစီရင်ခံစာသစ်က ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ဖမ်းဆီးထားသူများကို နှိပ်စက်ညှင်းပန်းမှုများ ကျူးလွန်နေသည့် သက်သေအား ယင်းအစီရင်ခံစာတွင် ဖြည့်သွင်းထားပြီး ယင်း စစ်ကောင်စီကို ပို၍ အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းထားသည်။

“သူတို့အနေနဲ့ သူတို့အာဏာ တည်မြဲရေးအတွက် ဘာမဆို လုပ်သွားမယ်ဆိုတဲ့ သတင်းစကားပါပဲ”ဟု AI ၏ မြန်မာဌာနမှ သုတေသီက NBC News သို့ အီးမေးလ်ဖြင့် ဆိုသည်။

“မြန်မာစစ်တပ်က သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရတာ မရှိသရွေ့ မြန်မာနိုင်ငံက ဘယ်လို ငြိမ်းချမ်းရေး အလားအလာမဆိုကို တွေးမြင်ဖို့ ခက်ခဲပါတယ်”ဟု လုံခြုံရေးအကြောင်း ပြချက်အားဖြင့် နာမည်ထုတ်ဖော်ခြင်းမရှိသော် ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့သည့်လက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးအား စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်ပြီးနောက် ယခု အစီရင်ခံစာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့အား တံခါးပိတ် တရားစီရင်ပြီးနောက် သေဒဏ်ပေး ကွပ်မျက်လိုက်ခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့သည်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လောက် ဆိုးဝါးနေလဲဆိုရင် အရေးယူမှုကို အခြေခံတဲ့ နည်းလမ်းတွေဆီ ဖော်ဆောင်ရမှာ ဖြစ်တယ်၊ ရှုတ်ချရုံနဲ့တော့ မဖြစ်တော့ဘူး”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးက NBC News သို့ ဖုန်းဖြင့် ပြောသည်။

“ကျွန်တော်တို့တွေ လိုအပ်တဲ့ အရေးယူမှုတွေ နှောင့်နှေးတဲ့ အချိန်ကြာလေ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဘေးဒုက္ခ ပိုကြီးမားလေ ဖြစ်မှာပါပဲ”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

(ဘာသာပြန် CBS News)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required