ပါကစ္စတန်က ဇိမ်ခံပစ္စည်းများကို တားမြစ်ထားသော်လည်း ဆက်လက် တင်သွင်းခွင့်ပြုနေ

ပါကစ္စတန်က ဇိမ်ခံပစ္စည်းများကို တားမြစ်ထားသော်လည်း ဆက်လက် တင်သွင်းခွင့်ပြုနေ

ပါကစ္စတန်အစိုးရသည် နိုင်ငံကို စီးပွားရေး အကျပ်အတည်းမှ လွတ်နိုင်စေရန် အစောပိုင်းက ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအပေါ် ပိတ်ပင်ချက်တစ်ရပ် ထုတ်ပြန်ထားခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် အဆိုပါ သွင်းကုန်များ တင်သွင်းမှုကို အစိုးရဘက်က ဆက်လက် ခွင့်ပြုပေးနေရဆဲ ဖြစ်ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။

ပါကစ္စတန်အစိုးရသည် ပြီးခဲ့သည့် မေလက အရေးပေါ် စီးပွားရေး အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ခဲ့ပြီး မရှိမဖြစ် မဟုတ်သော ဇိမ်ခံပစ္စည်း ဒါဇင်များစွာ တင်သွင်းမှုအပေါ် ပိတ်ပင်တားမြစ်ခဲ့သည်ဟု ARY News က ဖော်ပြသည်။

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ မဖြစ်စေရန် နိုင်ငံ၏ ဆိပ်ကမ်းများသို့ ဇွန်လ ၁ ရက်ထက် နောက်မကျဘဲ ရောက်ရှိထားခဲ့သည့် သွင်းကုန် ပစ္စည်းအားလုံးကို နည်းပါးသော အပိုကြေးတစ်ရပ်ဖြင့် အစိုးရဘက်က ဆက်လက်ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး အစ္စမေးလ်က တွစ်တာတွင် ရေးသည်။

“ဇိမ်ခံ ပစ္စည်းအချို့ကို အစိုးရက ယာယီ ပိတ်ပင်ချက် ထုတ်ခဲ့တဲ့နောက်မှာတောင်မှ ဒီပစ္စည်း ကုန်စည် အများအပြားဟာ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းတွေဆီ အမှုမဲ့ အမှတ်မဲ့ ရောက်ရှိထားခဲ့ပါတယ်။ ဒါကြောင့် သွင်းကုန် လုပ်ငန်းရှင်တွေအတွက် ထိခိုက်ဆုံးရှုံးမှုတွေ မဖြစ်စေအောင် ရှောင်ရှားနိုင်ဖို့ အစိုးရဟာ ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းတွေကို ဇွန် ၁ ရက်ထက်နောက်မကျဘဲ ရောက်နေခဲ့တဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အပိုကြေး အနည်းငယ်နဲ့ ခွင့်ပြုပေးနေတာပါ” ဟု အစ္စမေးလ်က တွစ်တာတွင် ရေးသည်။

“သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အခကြေးငွေ အနည်းငယ်ပဲ ပေးရနိုင်အောင် ဒါမှမဟုတ် ဖြစ်နိုင်ရင် ကုန်သေတ္တာ ထိန်းသိမ်းခတွေ ဒါမှမဟုတ် ရက်လွန်ကြေးတွေ မပေးရစေအောင်လို့ ကျွန်တော်နဲ့ ပင်လယ်ရေကြောင်းဝန်ကြီး ဖိုင်ဆယ် ဆက်ဘ်ဇာဝါရီတို့က ကြိုးစားဆောင်ရွက်ပေးနေပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း ကွန်တိန်နာဆိပ်ကမ်း အော်ပရေတာတွေနဲ့ ကုန်သေတ္တာ ပိုင်ရှင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

နိုင်ငံခြားအရန်ငွေများ လျော့နည်းလာနေခြင်း၊ သွင်းကုန်တင်သွင်းမှု စရိတ်စက မြင့်တက်နေခြင်းတို့အပြင် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျင် ပါကစ္စတန် ရူပီးငွေတန်ဖိုး စံချိန်တင် ကျဆင်းခြင်းတို့ ဖြစ်ပေါ်နေစဉ် ‘အရေးပေါ် စီးပွားရေး အစီအစဉ်’ အောက်တွင် မရှိမဖြစ် မဟုတ်သော ဇိမ်ခံပစ္စည်း အမျိုးအစား ၃၈ ခု တင်သွင်းမှုအပေါ် ပိတ်ပင်ကြောင်း ပါကစ္စတန်အစိုးရက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly