ကိုဝေမိုးနိုင်အပါအဝင် ဆန္ဒပြသပိတ်စစ်ကြောင်းများအား သတင်းပေးဖမ်းဆီးစေသူ အသတ်ခံရ

ကိုဝေမိုးနိုင်အပါအဝင် ဆန္ဒပြသပိတ်စစ်ကြောင်းများအား သတင်းပေးဖမ်းဆီးစေသူ အသတ်ခံရ

ဩဂုတ်လ ၁ ရက်

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် ဆန္ဒပြသပိတ်စစ်ကြောင်းများအား လက်ထောက်ချ ဖမ်းဆီးစေခိုင်းခဲ့သူဆိုသူအား ဩဂုတ် ၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ သုတ်သင်ရှင်းလင်းလိုက်ကြောင်း MRDA-Monywa မှသတင်းထုတ်ပြန်သည်။

“ ဒီလူကကိုဝေမိုးနိုင်ကို ကားနဲ့တိုက်ဖမ်းတုန်းက လက်ထောက်ချခဲ့တဲ့လူပါ။ ဒီနေ့ မနက်စောစောမှာ သူ့အိမ်လမ်းထဲ သေနတ်နဲ့ပစ်ခံရလို့ ပွဲချင်းပြီးသေတယ်။ ဗိုလ်နဂါးတပ်ခွဲတစ်ခုက သုတ်သင်ရှင်းလင်း သွားတာလို့ သိရတယ် ” ဟု မုံရွာမြို့ခံသတင်းရင်းမြစ်ကလည်း ပြောသည်။

အသတ်ခံရသူ ဦးသုခဆိုသူသည် မုံရွာမြို့နယ်စည်ပင်သာယာမှ ဝန်ထမ်းဖြစ်ကြောင်းနှင့် သြဂုတ် ၁ ရက် နံနက် ၇ နာရီခန့်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

သတင်းထုတ်ပြန်ချက်တွင် ပြည်သူ့သစ္စာဖောက်စည်ပင်အရာရှိတစ်ဦးဖြစ်သူ၊ မုံရွာမြို့ သပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင်အား ကားဖြင့်တိုက်ကာဖမ်းဆီးရန် သတင်းပေးခြင်း၊ ချမ်းမြဝတီရပ်ကွက်၊ ရတနာပုံရပ်ကွက်၊ ဘုန်းစိုးရပ်ကွက်တို့ရှိ ရဲဘော်များဖမ်းဆီးခံရစေရန် သတင်းပေးခဲ့သော ပျူစောထီးအဖွဲ့ဝင် ဦးသုခအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ Monywa Peacock Generation Force နှင့် Monywa Ninjar Team တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်မတော်တပ်ခွဲ (MRDA-Monywa) မှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly