ကလေး-တမူးလမ်းတွင် စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၅ ဦးခန့်သေဆုံးဟုဆို

ကလေး-တမူးလမ်းတွင် စစ်ကောင်စီယာဉ်တန်း ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၅ ဦးခန့်သေဆုံးဟုဆို

ဩဂုတ်လ ၁ ရက်

စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းတွင် ကလေးမှ တမူးဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁၅ ဦးခန့်သေဆုံးသည်ဟု People’s Defence Force ( Kalay ) မှ ဇူလိုင်လ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ယာဉ်တန်းတွင် စစ်ကောင်စီကား လေးစီးနှင့် ၁၂ ဘီးကားကြီး တစ်စီးပါဝင်ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် PDF -kalay မှ တပ်ဖွဲ့ဝင်များမှ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်းရပ်တန့်ပြီး စစ်တပ်က အနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

တမူးဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားသုံးစီး ထိမှန်ကာ အနည်းဆုံး ၁၀ ဦးခန့် သေဆုံးပြီးအများအပြား ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် အခင်းဖြစ်ပွားရာနေရာသို့ ကလေးမြို့ဘက်မှ ကားအကြီး နှစ်စီးရောက်ရှိလာပြီး ၎င်းတို့၏ မိုင်းထိကားများကို ဆွဲယူခြင်း၊ အလောင်းကောက်ယူခြင်းများပြုလုပ်နေစဉ် တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားငါးဦးခန့်သေဆုံးပြီး အများအပြားထိမှန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၁၂ ဘီးကားကြီးပေါ်တင်ဆောင်ပြီး ကလေးမြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားကာ ကျန်ရှိနေသည့်စစ်ကောင်စီတပ်များသည် တမူးဘက်သို့ ဆက်ဦးတည်လျက်ရှိသည်ဟုသိရသည်။

ထို့အပြင် အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရခဲ့သည့် စစ်ကောင်စီတပ်များသည် ၅၆ မိုင် နှင်းဆီခြံအနီးရှိ အပြစ်မဲ့ပြည်သူ သုံးဦးနှင့် နေကျော်လေးအနီး လမ်းဘေးစားသောက်ဆိုင်မှ အပြစ်မဲ့ပြည်သူအချို့အား ဖမ်းဆီးသွားကြောင်းလည်း သိရသည်။

လက်ရှိစစ်ရေးအခြေအနေအရ ကလေး-တမူးလမ်းမကြီးအား ည ၉ နာရီ မှ နံနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း People’s Defence Force ( Kalay ) မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly