မြိတ်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်နေ

မြိတ်တွင် စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်နေ

ဩဂုတ်လ ၁ ရက်

တနင်္သာရီတိုင်း မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီက ဖမ်းဆီးစစ် ဆေးမှုများ ဆက်တိုက်ပြန်လည်ပြုလုပ်လာနေကြောင်း မြို့ခံများထံမှ သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ရသည့်အပြင် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် ရပ်ကွက်မီးသတ်တပ်ဖွဲ့ကင်းတဲကိုပါ လက်ပစ်ဗုံးဖြင့်ပစ်ခံရပြီး နောက် ယခုကဲ့သို့ မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီက အိမ်စီးကားများနှင့်ကင်းလှည့်ပြီး လိုက်လံ စစ်ဆေးဖမ်းဆီးနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

မြိတ်မြို့ ကန်ကြီးရပ်ကွက်နေ ဒေသခံတစ်ဦးက “မနေ့က အလုပ်သွားဖို့ ညီအစ်ကိုနှစ်ယောက် ဆိုင်ကယ် စီးပြီးသွားတာ တပ်ပြင်စျေးရှေ့မှာ မီးသတ်တွေ၊ အရပ်ဝတ်နဲ့ ရဲတွေရောပေါင်းပြီး ဝိုင်းဖမ်းလို့ ဆိုင်ကယ် ကို ငွေ ၅၀,၀၀၀ နဲ့ ရွေးလိုက်ရတယ်။ နေရပ်လိပ်စာနဲ့ဖုန်းနံပတ်တွေ အတိအကျတောင်းတယ်။ လာမရွေး ရင်ဖမ်းမယ်လို့ ခြိမ်းခြောက်ခံရတယ်”ဟု ပြောသည်။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များတွင် နေရာအနှံ အိမ်စီးကားဖြင့် ဆိုင်ကယ်နှစ်ယောက်စီးသူများနှင့် တစ်ယောက်စီးမသင်္ကာသူများကို ကားနှင့်လိုက်တိုက်ပြီးဖမ်းဆီးမှုများလည်း နေ့စဉ်နီးပါးဖြစ်နေကြောင်း မြို့ခံများထံမှ သိရသည်။

“စစ်ဆေးဖမ်းဆီးတာကတော့ နေ့တိုင်း နီးပါးရှိနေပါတယ်၊ ဆိုင်ကယ်မှမဟုတ်ပါဘူး ကားတွေလည်း စစ် ဆေးခံနေရပါတယ်”ဟု မြိတ်မြို့၊ မြိတ်တောင်နယ်မြေတွင်နေထိုင်သူ ဒေသခံတစ်ဦးကလည်းဆိုသည်။

စစ်ကောင်စီမှ ယခုကဲ့သို့အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးမှုကြောင့် ကားတစ်စီးလျှင် ၅၀,၀၀၀ ကျပ်နှင့် ဆိုင် ကယ်တစ်စီးလျှင် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိပေးပြီး ရွေးယူနေရကြောင်းလည်း သိရသည်။

ကားနှင့် ဆိုင်ကယ်များစစ်ဆေးဖမ်းဆီးမှုများအပြင် ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly