နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၀ ကျော် အဖမ်းခံရ

နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၀ ကျော် အဖမ်းခံရ

ဩဂုတ်လ ၁ ရက်

ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်၏ ဆန်ခလာ ဘူရီ၊ ဆိုင်ယော့ခ် နှင့် ထောင်ဖာဖွန် ခရိုင်များသို့ တရားမဝင် နယ်စပ် ဖြတ်ကျော်ပြီး ဝင်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံသား ၂၁ ဦးကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေက ထိုင်း စစ်တပ်နှင့် ရဲတို့ ပါဝင်သော ပူးပေါင်း ကင်းလှည့်အဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ငါးဦး ပါဝင်သည့် မြန်မာနိုင်ငံသားများသည် ထောင်ဖာဖွန်၊ ဆိုင်ယော့ခ်နှင့် ဆန်ခလာဘူရီ တို့တွင် အဖွဲ့အုပ်စုသုံးခုအနေဖြင့် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်၏ မြို့များမှ လာရောက်ကြသူများ ဖြစ်ကြောင်းနှင့် စမွတ် ဆာခွန်း၊ ရယောင်၊ ကန်ချာနဘူရီ နှင့် ဘန်ကောက်တို့တွင် အလုပ်ရမည် ဆို၍ ဦးတည်သွားရောက်ကြခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ မြန်မာနိုင်ငံသားများက ပြောသည်။

၎င်းတို့သည် အလုပ်ရှာ ပွဲစားများကို တစ်ဦးလျင် ဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ စီအထိ ပေးခဲ့ရသည်ဟု သိရသည်။

ယခုအခါ ၎င်းတို့ကို ခရိုင်သုံးခုရှိ သက်ဆိုင်ရာ ရဲစခန်းများထံ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ အရေးယူရန်နှင့် နေရပ်ပြန်ပို့ရန် လုပ်ဆောင်နေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly