အမေရိကန်နှင့်ဂျပန်က တရုတ်နှင့်ရုရှားကို ယှဉ်ပြိုင်ရန် စီးပွားရေးဆွေးနွေးမှု စတင်

အမေရိကန်နှင့်ဂျပန်က တရုတ်နှင့်ရုရှားကို ယှဉ်ပြိုင်ရန် စီးပွားရေးဆွေးနွေးမှု စတင်

ကာလရှည်ကြာမဟာမိတ်များဖြစ်သည့် အမေရိကန်နှင့်ဂျပန်တို့သည် တရုတ်နိုင်ငံကို တွန်းလှန်ရန်နှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့်ဖြစ်သော အနှောင့်အယှက်များကို တုံ့ပြန်ရန် အဆင့်မြင့် စီးပွားရေးဆွေးနွေးပွဲတစ်ရပ် ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ကြသည်။

စီးပွားရေးဆိုင်ရာ ၂+၂ ဝန်ကြီးအဆင့်အစည်းအဝေးသည် အရေးပါသော အစိတ်အပိုင်းများ၏ အရင်းအမြစ် လုံခြုံစေရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း မျိုးဆက်သစ်အတွက် ပူးတွဲသုတေသပြုရန် သဘောတူမည်ဟု မျှော်လင့် ရကြောင်း ဂျပန်မီဒီယာက ဖော်ပြသည်။

အစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကူးသန်းရောင်းဝယ်ရေးဌာန ဝန်ကြီး ဂီနာရိုင်မွန်ဒိုနှင့် ဂျပန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီနှင့် ကုန်သွယ်ရေးဝန်ကြီး ကိုအိချိ ဟာဂီအူတို့ ဦးဆောင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ ပထမနဲ့ တတိယစီးပွားရေးအင်အားအကြီးအနေနဲ့ ကျွန်တော်တို့ဟာ စည်းမျဉ်းအခြေခံ စီးပွားဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကို အတူတကွ ကာကွယ်ဖို့အရေးကြီးပါတယ်။ ဒီအထဲမှာ နိုင်ငံအားလုံးက ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ကြီးပွားတိုးတက်နိုင်အောင်လုပ်ဆောင်နိုင်ပါတယ်” ဟု ဘလစ်ကန်ကပြောသည်။

'တရုတ်ရဲ့ အကျပ်ကိုင် လက်တုံ့ပြန်တဲ့ စီးပွားရေးအလေ့အကျင့်တွေက နိုင်ငံတွေကို သူတို့ရဲ့ လုံခြုံရေး၊ အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှု၊ သူတို့ရဲ့ စီးပွားရေး လွတ်လပ်မှုကို အပေးအယူလုပ်စေတဲ့ ရွေးချယ်မှုတွေလုပ်အောင် တွန်းအားပေးနေပါတယ်' ဟု ၎င်းက ပြောကြားခဲ့သည်။

ဟာယာရှီက ယူကရိန်းပေါ် ရုရှားကျူးကျော်မှုကိုလည်း နိုင်ငံတကာစည်းမျဉ်းအတွက် ကြီးလေးသော စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်းနှင့် ဗျူဟာမြောက်အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန်နှင့် လက်ရှိနိုင်ငံတကာ စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် တရားမျှတမှုမရှိ ပွင့်လင်းမြင်သာမှုမရှိစွာ စီးပွားရေးဩဇာလွှမ်းမိုးမှုကို ကြိုးပမ်းမှုများ အကြောင်းကိုလည်း ပြောဆိုခဲ့ကာ အမည်တိုက်ရိုက်တပ်ပြောခြင်းမပြုသော်လည်း တရုတ်ကို ရည်ညွှန်းပုံရသည်။

“ဒါကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးမူဝါဒတွေကို တစ်ဦးချင်း ဆွေးနွေးတာထက် အဲဒီနှစ်ခုကို ယူနစ်တစ်ခုအနေနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု ဟာယာရှီက ပြောကြား ခဲ့သည်။

အရွယ်အစား ၂-နာနိုမီတာ တစ်ပိုင်းလျှပ်ကူးချစ်ပ်ပြားများကို သုတေသနပြုရန် ယခုနှစ်ကုန်တွင် ဂျပန်နိုင်ငံ၌ တစ်ပိုင်းလျှပ်ကူးပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးစင်တာကို တည်ထောင်မည်ဖြစ်ကြောင်း Nikkei Shimbun သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly