အမေရိကန်မှ ဝီဂါလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ရှင်ကျန်း၌ တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို ကန့်ကွက်ဆန္ဒပြ

အမေရိကန်မှ ဝီဂါလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ရှင်ကျန်း၌ တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို ကန့်ကွက်ဆန္ဒပြ

အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ၊ အရှေ့တာကစ္စတန်အမျိုးသားနိုးကြားရေးလှုပ်ရှားမှုနှင့် လွတ်လပ်သောကာဇက်အဖွဲ့အစည်းတို့က အရှေ့တာကစ္စတန်ရှိ ဝီဂါအသိုက်အဝန်းအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သတိမူမိစေရန် ဇူလိုင် ၂၇ ရက်က ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်မြို့၌ ဆန္ဒထုတ်ဖော်ကြသည်။

ဆန္ဒပြသူများက ဝီဂါနှင့်တခြား တာကစ်မျိုးနွယ်များအပေါ် တရုတ်က လက်ရှိကျူးလွန်လျက်ရှိသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအစီရင်ခံစာကို ထုတ်ပြန်ပေးရန် ကုလသမဂ္ဂအား တောင်းဆိုခဲ့ကြကြောင်း အဝေးရောက်အရှေ့တာကစ္စတန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က အရှေ့တာကစ္စတန်ရှိ ဝီဂါများနှင့်တာကစ်လူမျိုးစုများအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ အစီရင်ခံစာကို ဖုံးဖိထားရန် ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မီချဲလ်ဘက်ချလက်ကို ဖိအားပေးပြီးနောက် ယခု ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်လာခြင်းဖြစ်သည်။

“ကုလသမဂ္ဂရဲ့ စနစ်ကို တရုတ်ကို ထိန်းချုပ်ခွင့်မပေးဖို့ ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုပါတယ်” ဟု အဝေးရောက်အရှေ့တာကစ္စတန်အစိုးရ ဝန်ကြီးချုပ်ဆာလီဟူဒါရာ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အရှေ့တာကစ္စတန်တွင် တရုတ်က ဆက်လက်ကျူးလွန်နေသော လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂအ နေဖြင့် မသိကျိုးကျွံပြုခြင်းကို ရပ်တန့်ရန်နှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာအစီရင်ခံစာကို ချက်ချင်းထုတ်ပြန်ရန် လည်း တောင်းဆိုခဲ့သည်။

သမ္မတရှီဖျင်သည် ၂၀၁၄ ခုနှစ်မေလက အရှေ့တာကစ္စတန်သို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရသည် ဝီဂါ၊ ကာဇက်၊ ကာဂျစ်နှင့်တခြားတာကစ်လူမျိုးများအပေါ် ပစ်မှတ်ထားသော လူမျိုးတုံးသတ်ဖြတ်မှု လှုပ်ရှားမှုကြီးကို စတင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အရှေ့ တာကစ္စတန်တွင် တရုတ်က ဆက်လက်ကျူးလွန်နေသော လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ် နိုင်စေရန် လိုအပ်ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု အပါအဝင် အဓိပ္ပာယ် ပြည့်ဝသော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် အောက်ရှိ ကတိကဝတ်များကို လက်ကိုင်ပြုရန် အဝေးရောက်တာကစ္စတန်အစိုးရက နိုင်ငံတကာ အသိုက်အဝန်းအား
ထပ်မံတောင်းဆိုလိုက်သည်။

ဝီဂါနှင့် တခြားတာကစ်လူမျိုးစုများ၏ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် ရပ်တည်နိုင်ရေးအတွက် အရှေ့တာကစ္စတန်၏ ရသင့်ရထိုက်သော လွတ်လပ်ရေးကို ပြန်လည်ရယူခြင်းသည်သာ တစ်ခုတည်းသော ဖြေရှင်းချက်ဖြစ်ကြောင်း အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ ထပ်တလဲလဲပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required