ပြင်းထန်လှသော အပူလှိုင်းများအကြား တရုတ်နိုင်ငံ၏ ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်

ပြင်းထန်လှသော အပူလှိုင်းများအကြား တရုတ်နိုင်ငံ၏ ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံတွင် ပြင်းထန်လှသော အပူလှိုင်းများကို ဆက်လက်ကြုံတွေ့နေရကာ သီးနှံများနှင့် လူများ၏ အသက်ကို ခြောက်လှန့်လျက်ရှိပြီး နိုင်ငံ၏ ဓာတ်အားသုံးစွဲမှုကို စံချိန်တင်အမှတ်ထိ မြင့်တက်စေခဲ့ကြောင်း Global Times က ဖော်ပြသည်။

တရုတ်နိုင်ငံရှိ လူပေါင်း သန်း ၉၀၀ ခန့်သည် မခံမရပ်နိုင်လောက်သော အပူချိန်အောက်တွင် ရုန်းကန်နေထိုင် နေကြရပြီး ပိုဆိုးသည်မှာ ၎င်းအပူလှိုင်းသည် ဩဂုတ်လအထိ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ရကြောင်း တရုတ်အာဏာပိုင်များက ပြောသည်ဟု Global Times က ဖော်ပြသည်။

တရုတ်နိုင်ငံသည် လာမည်လတွင်လည်း ပြင်းထန်သောအပူချိန်ကို ရင်ဆိုင်ရမည်ဖြစ်ကာ ယင်းကဲ့သို့ ဆိုးရွားလှသောအပူလှိုင်းမှ သက်သာမှုရစေရန် နည်းလမ်းမျိုးစုံလုပ်ဆောင်လျက်ရှိသည်။ ဥပမာအားဖြင့် ရှန်ဟိုင်း ယူယွမ်ဥယျာဉ်မှ ဆိုင်များသည် ရေမှုန်ဖျန်းသည့်ကိရိယာများကို အသုံးပြုနေရသည်။

တရုတ်နိုင်ငံ၏ ယခုနွေရာသီသည် အပူချိန်မြင့်မားပြီး ရှန်ဟိုင်း၊ တရုတ်အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ်နှင့် အရှေ့ဘက်ရှိ ကျန်းစုပြည်နယ်နှင့် ကျဲ့ကျန်းပြည်နယ်များအပါအဝင် နိုင်ငံနေရာအတော်များများတွင် ပူနွေး လျက်ရှိပြီး အပူချိန်မှာ ၄၄ ဒီဂရီစင်တီဂရိတ်အထက်ရှိသည်ဟု မိုးလေဝသအာဏာပိုင်များက ပြောသည်။

တရုတ် မိုးလေဝသဌာန ရာသီဥတုစင်တာမှ စီနီယာသုတေသီ ဆန်းရှောင်က ၂၀၂၂ ခုနှစ် အပူလှိုင်းသည် အစောကျရောက်ခဲ့ပြီး ဇွန်လအတွက် ပျမ်းမျှအပူချိန်သည် ၁၈၇၃ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်ဟု ဆိုသည်။

ရာသီဥတုစင်တာ၏အဆိုအရ တရုတ်နိုင်ငံသည် ယခုနှစ်တွင် ပထမဆုံးသော ဒေသတွင်း ပူပြင်းသောရာသီဥတုကို ကြုံတွေ့နေရပြီး မိုးလေဝသဌာန ၇၁ ခုတွင် အပူချိန်အမြင့်မားဆုံးဖြင့် စံချိန်တင်ခဲ့ကာ နိုင်ငံ့မြောက်ပိုင်း ဟဲပေ ပြည်နယ် လင်းရှိုမြို့တွင် အပူချိန် ၄၄ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့သည်။

ရှင်ကျန်းဒေသတွင်လည်း အပူချိန်သတိပေးချက်ကို လိမ္မော်ရောင်မှ အနီရောင်သို့ ပြောင်းခဲ့ပြီး နိုင်ငံ၏ အဆင့် ၄ ဆင့်ရှိသော အပူချိန် သတိပေးစနစ်တွင် အမြင့်ဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly