ကလေးမြို့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ထုတ်ဖော်ပြောကြားချက်ကြောင့် လူ၇၀ကျော် ထပ်မံဖမ်းဆီးခံရ

ကလေးမြို့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ထုတ်ဖော်ပြောကြားချက်ကြောင့် လူ၇၀ကျော် ထပ်မံဖမ်းဆီးခံရ

ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ဘေးရှောင်များအား ရန်ပုံငွေရှာ၍ကူညီထောက်ပံ့ပေးနေသူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ထုတ်ဖော်ချက်ကြောင့် ဖမ်းဆီးခံရသူ အများအပြားရှိကြောင်း သိရသည်။

ကလေးမြို့ ချမ်းမြေ့အောင်စည် နယ်မြေ (၁၂) နဂါးရွှေစင်ခမ်းမ နှင့်မျက်နှာချင်းဆိုင် ဇဗ္ဘူအေးဘုန်းကြီးကျောင်းလမ်းတွင်နေသော ကိုချစ်မင်းခန့်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့ပြီးနောက် ၎င်းနှင့်ဆက်စပ်မှုရှိသူများကို ထုတ်ဖော်ခဲ့ရာ ယနေ့ ဇူလိုင်လ ၂၉ရက် နံနက်ပိုင်းအထိ လူ ၇၀ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။

“အခု လိုက်ဖော်နေတဲ့ကလေးက အသိအကျွမ်းများတယ်။ သူကနေတဆင့် ကူညီတဲ့ သူတွေရှိတယ် ဆိုတော့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့သူတွေ ခုနောက်ဆုံး ဖုန်း ကံစမ်းမဲ ထိုးသူ တွေကို သတိထား ရှောင်တိမ်းကြဖို့ သတိပေးချင်ပါတယ်” ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။

ကိုချစ်မင်းခန့်သည့် မကြာသေးမီက ရန်ပုံငွေအဖြစ် ဖုန်းကံစမ်းမဲ ဖွင့်လှစ်ရန် လက်မှတ်များရောင်းချထားပြီး လက်မှတ်ဝယ်သူများ အပါအဝင် ပရဟိတသမားများကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးနေကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ဖမ်းဆီးထားသူများအားလုံးကို ဒစက (ဒေသကွပ်ကဲရေး စစ်ဌာနချုပ်) ကလေးမြို့တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကလေးမြို့တွင် တော်လှန်ရေးနှင့် ပတ်သက်၍ ဖမ်းဆီးထားသူများအားကို ရဲစခန်းတွင် ထားရှိခြင်းမပြုဘဲ ဒစက ၊ ထောက်ပို့တပ်နှင့် ခလရ (၈၇) တပ်တို့ တွင် ထိန်းသိမ်း စစ်ဆေးလေ့ရှိကြောင်းသိရသည်။

ကိုချစ်မင်းခန့်နှင့် ဦးလေးတော်စပ်သူသည် စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦးဖြစ်ပြီး အဒေါ် ဖြစ်သူမှာ ဥပဒေအရာရှိတစ်ဦးဖြစ်ကြောင်း ဆိုကြသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

#Mizzima

#ကလေးမြို့

#စစ်ကောင်စီတပ်

#ဖမ်းဆီး

#ထုတ်ဖော်ပြောဆို

#လူ၇၀ကျော်

#ထပ်မံဖမ်းဆီးခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required