တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အထိုအခိုက်အကျအဆုံးများ

တန့်ဆည်မြို့နယ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အထိုအခိုက်အကျအဆုံးများ

ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း တစ်ရက်တည်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အကျအဆုံးများကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယမန်နေ့ ဇူလိုင်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့ မြောက်ဘက် ခြောက်မိုင်အကွာရှိ ရေဦးကုန်းရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အင်အား ၁၀၀ခန့်ကို PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ခြုံခို၍ ဇူလိုင်လ၂၇ရက်၊ နံနက်၁၀နာရီ ဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ရာ ၁၀မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ရေဦးကုန်းရွာတောင်ဘက် ချောင်းဆုံ(တောင်)ရွာဘက်သို့ ဆက်လက် စစ်ကြောင်းထိုးလာစဉ် နေ့လယ်၁၂နာရီခန့်တွင် ကျေးရွာအတွင်းပိတ်မိနေသော PDFနှင့် ပ.က.ဖ ရဲဘော်များကို ကယ်ထုတ်ရင်း တန့်ဆည်PDF တပ်ရင်း(၆)နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် ည ၁၁ နာရီ ဝန်းကျင်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမ ရဲစခန်းကို တန့်ဆည်PDF တပ်ရင်း(၆)မှ လက်နက်ကြီးငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ရဲများ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။

" တိုက်ပွဲသုံးကြိမ်လုံးမှာ ကျွန်တော်တို့က လက်နက်ကြီးတွေနဲ့ ပစ်တာ၊ မနက်ပိုင်းက လက်နက်ကြီး နှစ်လုံးပစ်တာ သူတို့အဖွဲ့ထဲတည့်တည့်ကျတယ်၊ ၁၀ယောက်အနည်းဆုံး သေနိုင်တယ်၊ နေ့လယ်ပိုင်းကတော့ ပိတ်မိနေတဲ့ အဖွဲ့တွေကိုကယ်ထုတ်ရင်း ထိတွေ့မှုဖြစ်တယ်၊ ညပိုင်းမှာတော့ ရဲစခန်းကို ပစ်တာ၊ အကျအဆုံးတော့ အတိအကျ မသိရဘူး၊ ထိခိုက်ဒဏ်ရာရသူတွေကို ပျူစောထီးအားကောင်းတဲ့ ကျွန်းလည်ရွာကို ကားနဲ့သွယ်သွားတယ်" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ မြို့နယ်ပ.က.ဖနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲတွင် အစစအရာရာကူညီပေးကြသော မြေပြင်အဖွဲ့သားများအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး ပူးပေါင်းတိုက်ပွဲဆင်နွှဲမှုအား လေးစားစွာအသိအမှတ်ပြုကြောင်းလည်း တန့်ဆည် PDFက ဆိုထားသည်။

ယခုရက်ပိုင်းအတွင်း တန့်ဆည်မြို့နယ် မြောက်ဘက်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

#mizzima

#တန့်ဆည်မြို့နယ်

#စစ်ကောင်စီ

#တိုက်ပွဲ

#စစ်ကိုင်းတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required