ပစ်ရင်းလှူအဖွဲ့မှ စစ်အာဏာရှင်ဆန့်ကျင်သောလူငယ်များ ဖန်တီးထားသည့် သေနတ် ပစ်ဂိမ်း Mobile Legend ကိုကျော်လွန်၍  Play Store တွင် ထိပ်ဆုံးနေရာရောက်ရှိ

ပစ်ရင်းလှူအဖွဲ့မှ စစ်အာဏာရှင်ဆန့်ကျင်သောလူငယ်များ ဖန်တီးထားသည့် သေနတ် ပစ်ဂိမ်း Mobile Legend ကိုကျော်လွန်၍  Play Store တွင် ထိပ်ဆုံးနေရာရောက်ရှိ

ဇူလိုင်လ ၂၈ ရက်

Shoot and Support (ပစ်ရင်းလှူ ) အဖွဲ့က ဖန်တီးထားသည့် End Game-Union သည် ယခုရက်ပိုင်းအတွင်း Play Store တွင် ဒေသတွင်း ဇယား၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

End Game-Union ဂိမ်းသည် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် လူငယ်အချို့ ပူးပေါင်းဖန်တီးထားသော Multiplayer သေနတ်ပစ်ဂိမ်း အမျိုးအစား ဖြစ်သည်။ မြန်မာလူငယ်များဖန်တီးထားသော အဆိုပါဂိမ်းသည်  တရုတ်နိုင်ငံအခြေစိုက် Moonton ကုမ္ပဏီမှ ဖန်တီးသည့် Mobile Legend Bang Bang (MLBB) ကို ကျော်လွန်၍ နံပတ်တစ် နေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း Shoot and Support ၏ တာဝန်ခံတစ်ဦးဖြစ်သူ ကိုသောမတ်ထံက သိရသည်။

“ကျွန်တော်တို့ဘက်က ဒီဂိမ်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်ခဲ့ပြီးနောက် ဒီဂိမ်းအပေါ်မှာ စိတ်ဝင်စားသူတွေ၊ Download ဆွဲသူတွေ ပိုပိုများလာပါတယ်။ Play Store က တပတ်အတွင်း လူစိတ်ဝင်စားမှု၊ activies အပေါ် မူတည်ပြီး အဆင့်သတ်မှတ်တာ။ အခုရက်ပိုင်းအတွင်း Mobile Legend (MLBB) ကို ကျော်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ Local အနေနဲ့ Play Store ရဲ့ Top 1 ကို ရောက်ရှိလာတာပါ။ နောက်ပိုင်းတွေမှာလည်း ဒီအနေအထားကို ဆက်လက်ရပ်တည်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

ဂိမ်းမှ ရရှိသည့် အကျိုးအမြတ်များကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဗိုလ်တာပေါ၏ Cobra Column၊ Student Armed Force နှင့် စစ်ကိုင်းမှ တော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများကို ခွဲဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး စုစုပေါင်း ငွေကျပ် သိန်း ၁,၅၀၀ခန့် ထောက်ပို့ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

“မနေ့ကစပြီးတော့ မြန်မာငွေ ၄၂ သိန်းလောက် ဝင်ခဲ့ပါတယ်။ ဒီနေ့မှာ အဲ့ဒီထက်ပိုများဖို့ ရှိပါတယ်။ ဒီထက်ပိုပြီး များလာဖို့ပဲ ရှိပါတယ်။ အဲ့ဒါကို ထိန်းထားနိုင်ဖို့အတွက် ကျွန်တော်တို့က အမြဲ Update လုပ်နေရမှာပေါ့နော်။ ရှေ့ပိုင်းကတော့ Army တွေ၊ PDF တွေကို ပို့ဖြစ်တယ်။ UG ဘက် မလှည့်နိုင်ဘူး။ ရှေ့လမှာတော့ UG အတွက်ရှိပါမယ်” ဟု ကိုသောမတ်က ပြောသည်။

End Game-Union ဂိမ်းသည် မြန်မာနိုင်ငံရှိ လူငယ်များကြားတွင် ခေတ်စားနေသည့် PUBG / Call of Duty ကဲ့သို့ အွန်လိုင်းမှ အဖွဲ့လိုက်ချိတ်ကစားနိုင်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး Multiplayer Shooter ဂိမ်းတစ်ခုဖြစ်သည်။

အဆိုပါဂိမ်းကစားသူများသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)၏  တပ်ဖွဲ့ဝင်များအဖြစ် ရန်သူစစ်ကောင်စီတပ်သားများနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက် ကစားကြရမည်ဖြစ်ပြီး ဂိမ်းတွင်ထည့်ထားသည့် ကြော်ငြာများကို ကြည့်ရှုခြင်းအားဖြင့် ဂိမ်းဖန်တီးသူအတွက် ဝင်ငွေရရှိစေမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required