Master Card နှင့် Visa Card များမှငွေထုတ်ယူလျှင် ဝန်ဆောင်ခ USD 10 $ နှုတ်ယူမည်ဟု KBZ Bank အသိပေး

By မေဘယ်လ်သူ
28 July 2022
Master Card နှင့် Visa Card များမှငွေထုတ်ယူလျှင် ဝန်ဆောင်ခ USD 10 $ နှုတ်ယူမည်ဟု KBZ Bank အသိပေး

ကမ္ဘောဇဘဏ်( KBZ Bank) ၏ Master နှင့် Visa Prepaid ကတ်များအသုံးပြု၍ ပြည်ပ ATM များမှ ငွေသားထုတ်ယူရာတွင် အမေရိကန် ၁၀ ဒေါ်လာကို ဝန်ဆောင်ခအဖြစ်နှုတ်ယူထားမည်ဟု KBZ ဘဏ်က ဇူလိုင်လ ၂၇ ရက်တွင် အသိပေးခဲ့သည်။

ပြည်ပ ATM များမှ ငွေသားထုတ်ယူရာတွင် တစ်ရက်လျှင်အမေရိကန် ၅၀ ဒေါ်လာ၊ တစ်ပတ်လျှင် အမေရိကန် ၁၀၀ ဒေါ်လာ သတ်မှတ်ထားကြောင်း အသုံးပြုသူများထံ ပေးပို့သည့် သတိပေးချက်အရသိရသည်။

ထို့အပြင် Master နှင့် Visa Prepaid ကတ်များထဲသို့ KBZ mBanking၊ iBanking များမှဖြစ်စေ၊ နီးစပ်ရာဘဏ်ခွဲများမှဖြစ်စေ ငွေဖြည့်သွင်းခြင်းလုပ်ဆောင်နိုင်မည် မဟုတ်သေးကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ သတိပေးချက်ကို KBZ Bank ၏ Master နှင့် Visa Prepaid ကတ်များအသုံးပြုသူများထံ အသိပေးထားခြင်းဖြစ်သည်။

" KBZ bank ကနေ ဇူလိုင်လ ၂၇ရက် ညနေပိုင်းမှာ အကြောင်းကြားစာဝင်လာတယ်။ Master, Visa ကတ်တွေထဲကနေ ပြည်ပမှာ ATM စက်တွေကနေ ငွေထုတ်မယ်ဆိုရင် ၁၀ ဒေါ်လာ ဖြတ်မယ်လို့ပြောထားတယ်။ နောက်ပြီး အဲ့ဒီကတ်တွေထဲကို ပြည်တွင်းမှာလည်း ငွေဖြည့်သွင်းလို့မရသေးဘူးလို့ပြောတယ်။ တစ်ပတ်မှာ ၁၀၀ ဒေါ်လာ ထုတ်ခွင့်ပဲပေးထားတယ်။ တစ်ခါထုတ်ရင် ၁၀ ဒေါ်လာဖြတ်မယ်။ သူတို့သတ်မှတ်ထားတဲ့မြန်မာငွေနဲ့ပြန်တွက်ရင် ကျပ်၂၀,၀၀၀ဝန်းကျင်နုတ်မယ်။ ရှင်းရှင်းပြောရရင် ကိုယ့် card ထဲကပိုက်ဆံကို အကုန်ယူချင်နေပုံရတယ် " ဟု KBZ Bank ၏ Visa Card အသုံးပြုသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

အဆိုပါ ကြေညာချက်တွင် အမေရိကန် ၁၀ ဒေါ်လာ နှုတ်ယူထားမည်ဟု ဖော်ပြထားသော်လည်း မြန်မာကျပ်ငွေစျေးနှုန်းအား ဖော်ပြထားခြင်းမရှိပေ။

ထို့ကြောင့် မဇ္ဈိမအနေဖြင့် KBZ Bank ၏ Call Center အားဆက်သွယ်မေးမြန်းရာ " အသုံးပြုသူတွေဆီ အကြောင်းကြားစာပို့ခဲ့တာမှန်ပါတယ်။ မြန်မာကျပ်ငွေက ၁,၈၅၀ နှုန်းနဲ့တွက်ပြီး ဝန်ဆောင်ခပေးဆောင်ရမှာပါ " ဟု ဘဏ်ဝန်ထမ်းတစ်ဦးက အတည်ပြုပြောသည်။

အဆိုပါကြေညာချက်အား KBZ ဘဏ်မှ အသိပေးထားသော်လည်း အခြားသောပြည်တွင်းဘဏ်များမှ ထိုကဲ့သို့လုပ်ဆောင်နေခြင်း ရှိ၊မရှိကို မဇ္ဈိမအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ပြည်ပငွေလွှဲခြင်းများကို ဧပြီ ၄ ရက်မှ စတင်၍ နိုင်ငံခြားသုံးငွေကြီးကြပ်မူကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဟု ကန့်သတ်ထားသည်။

ပြည်တွင်းသို့ ငွေလွှဲဝင်ပါကလည်း နိုင်ငံခြားဝင်ငွေကို တစ်ရက်အတွင်း ပြည်တွင်းဘဏ်များသို့ ၁ ဒေါ်လာ လျှင် ၁၈၅၀ ကျပ်ဖြင့် မဖြစ်မနေရောင်းချရန် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required