စစ်ကိုင်းတိုင်းရှိ ထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေးဖော်ဆောင်ရန် DRPA က ဥပဒေရေးဆွဲမည်

စစ်ကိုင်းတိုင်းရှိ ထိန်းချုပ်နယ်မြေများတွင် တရားစီရင်ရေးဖော်ဆောင်ရန် DRPA က ဥပဒေရေးဆွဲမည်

ဇူလိုင်လ ၂၈ ရက်

စစ်ကိုင်းတိုင်းအတွင်း အာဏာရှင်တော်လှန်ရေးပြည်သူတပ်မတော် DRPA အပါအဝင် တော်လှန်ရေးအဖွဲ့ များ၏ ထိန်းချုပ်နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရန်အတွက် ဥပဒေရေးဆွဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း DRPA ကဆိုသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ အချို့နေရာများသည် တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ် မြေအဖြစ် ရောက်ရှိနေသည့်အတွက် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရန်နှင့် တရားစီရင်ရေးစနစ်များ အတွက် ဖွဲ့စည်းပုံဥပဒေများ ရေးဆွဲရန်ကြိုးပမ်းနေကြောင်း DRPA တာဝန်ရှိသူက ဆိုသည်။

“ထိန်းချုပ်ဒေသတွေမှာ တရားစီရင်ရေးကိုဖော်ဆောင်တာ မရှိသေးဘူး။ ရပ်ရွာအဆင့်ကနေစပြီး လုပ်ဖို့ ရှိတယ်။ ဖွဲ့စည်းပုံတစ်ခုနဲ့ဖြစ်အောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်နယ်မြေများ၌ လက်ရှိအချိန်တွင် အမှုအခင်းများရှိနေသည့်အတွက် အဆိုပါအမှုခင်းများကိုကိုင်တွယ်ရာတွင် မျှတမှုရှိရန်အတွက် ဥပဒေတစ်ရပ် အခိုင်အမာဖြစ်ရန် ဆောင် ရွက်သင့်ကြောင်း ၎င်းတို့က ယူဆထားသည်။

ထို့အပြင် ၎င်းတို့သည် အရပ်သားများဖြင့်ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဖြစ်သဖြင့် အရပ်သားများ၏ အမှု ကိစ္စများကို ကိုင်တွယ်ရန်အခက်အခဲများရှိသည့်အတွက် ပညာရှင်များပါဝင်ပြီး ဥပဒေတစ်ရပ်ရေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

“အပြည့်အဝ လွတ်မြောက်ဒေသဖြစ်ဖို့အတွက် တရားစီရင်ရေးကို ဖော်ဆောင်ရမယ်။ အာဏာလေဟာ နယ်ကွက်လပ်ကိုဖြည့်နိုင်ဖို့အတွက် ကျနော်တို့ ဥပဒေရေးရာပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် တုန်းပဲ ရှိပါတယ်” ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်အာဏာသိမ်းမှုနောက်တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့သဖြင့် ပြည်သူများသည် လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ခဲ့သည်။ လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရမှဖွဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအပြင် အင်အားစုအသီးသီး၏ တပ် များပေါ်ပေါက်လာပြီး နယ်မြေစိုးမိုးမှုများအတန်အသင့်ရှိလာပြီ ဖြစ်သည်။

တစ်နိုင်ငံလုံး ဧရိယာ၏ ၁၀ ရာခိုင်နှုန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက စိုးမိုးထားပြီးဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူး အောင်မှ ပြီးခဲ့သည့်ဧပြီလတွင်းက မဇ္ဈိသတင်းဌာနသို့ဖြေကြားခဲ့ဖူးသည်။

ထိုသို့ ထိန်းချုပ်နယ်မြေများရှိလာရာတွင် နေရာအချို့၌ တော်လှန်ရေးအဖွဲ့အချို့၏ ပြည်သူလူထုအပေါ် ဆက်ဆံမှုများနှင့်ပတ်သက်ပြီး နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအကြားတွင် ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required