လူနှစ်ယောက်နှင့် ဖိနပ်ကလေးတစ်ရံ

လူနှစ်ယောက်နှင့် ဖိနပ်ကလေးတစ်ရံ

ဝေယံမိုး

လူနှစ်ယောက်ဖိနပ်စီးလျှင် ဖိနပ်နှစ်ရံလိုသည်ဟုပဲ ပြောကြပေလိမ့်မည်။ သို့သော်လည်း ဟင်နရီနှင့် ဗင်းဆင့်တို့ သူငယ်ချင်းနှစ်ယောက်အတွက်တော့ နှစ်ယောက်လုံးပေါင်းမှ တစ်ရံသာလိုပါသည်။

ကယန်းလူမျိုးများဖြစ်သော ဟင်နရီနဲ့ ဗင်းဆင့်တို့မှာ ကရင်နီပြည်နယ် လွိုင်ကော်ခရိုင် ဆောင်ဒူသစ်ကျေးရွာအုပ်စု ပူဖားကျေးရွာမှာ လည်ပင်းဖက်ကြီးပြင်းလာကြသူများဖြစ်ကြသည်။ တစ်ယောက်က တောင်ယာလုပ်ကာ တစ်ယောက်က န၀မတန်းကျောင်းသားဖြစ်သည်။ နှစ်ဦးစလုံး ဘောလုံးကန်ဝါသနာကြီးကြသလို ခြေထောက်ဖိနပ်ဆိုက်များတူကြသည်။

ဧပြီလမှာတော့ သူတို့နှစ်ဦးစလုံး ခြေထောက်တစ်ဘက်စီ ဒူးအောက်မှ စွန့်လွှတ်ခဲ့ကြရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၆) ၏ တိုက်ခိုက်ရေးတပ်သား ဟင်နရီ ဧပြီလ ၁၁ ရက်နေ့က မိုင်းထိမှန်ခံခဲ့ရပြီး နောက်ဆယ်ရက်အကြာတွင် ဗင်းဆင့် မိုင်းထိမှန်ခဲ့သည်။

အာဏာမသိမ်းခင်က အသက် ၂၀ အရွယ် ဟင်နရီက မိဘနှင့်အတူ တောင်ယာလုပ်ကိုင်နေခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ဗင်းဆင့်ကတော့ ဒီးမော့ဆိုအထက်တန်းကျောင်းတွင် ပညာသင်နေခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နေပြည်တော်တွင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ကရင်နီဒေသဆန္ဒပြပွဲများတွင် သူတို့နှစ်ဦးပါဝင်ခဲ့သည်။ ဇူလိုင်လရောက်တော့ သူငယ်ချင်းနှစ်ဦး KNDF ထဲ ဝင်ရောက်ခဲ့ကာ တပ်ရင်းအတူတွင်တာဝန်ကျခဲ့သည်။

“ လက်နက်ကိုင်ဖို့ကတော့ စိတ််ဓာတ်နဲ့ဆိုင်တယ်ဗျ။ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စစ်သင်တန်းတက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်ဗျ” ဟု ဗင်းဆင့်က ပြောသည်။

ဗင်းဆင့်သည် ညီအစ်ကိုမောင်နှမကိုးယောက်ထဲတွင် ငါးယောက်မြောက်သားတစ်ယောက်ဖြစ်သည်။ KNDF တပ်ရင်း (၆) တွင် သူနှင့်အတူ သူ့အစ်မတစ်ဦးနှင့်သူ့ညီမတစ်ဦးလည်း တာဝန်ထမ်းဆောင်နေကြသည်။ ညီအစ်မနှစ်ဦးမှာတော့ ဆေးကုသစောင့်ရှောက်ရေးနှင့် ချက်ပြုတ်ရေးတာဝန်ယူထားကြသည်။ သူတို့၏ မိဘနှစ်ပါးကတော့ နေအိမ်ကိုစွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည်။

“ကိုယ့်ခေတ်မှာ ဒီလိုမျိုးကြုံရတာမကြိုက်ဘူး။ ပြီးတော့သားသမီးတွေရှိလာရင်လည်း သူတို့အနာဂါတ်ရှိသေးတယ်လေ။ ဒါကြောင့် ကျွန်တော်တို့တော်လှန်မှရမယ်လေ” ဟု ဗင်းဆင့်က တာလပတ်မိုး တစ်ဘက်ရပ် တဲငယ်လေးထဲထိုင်ရင်း မဇ္ဈိမကို ပြောသည်။ သူမျက်လုံးများကိုတော့ နေကာမျက်မှန်ကဖုံးအုပ်ထားသည်။

အာဏာသိမ်းပြီးတစ်လကျော် မေလ ၁၀ ရက်နေ့ကစ၍ ကရင်နီပြည်နယ်အတွင်း သေနတ်သံပြန်ပေါက်ခဲ့သည်။ ဒီးမော့ဆိုစစ်မြေပြင်တွင် တိုက်ပွဲများပြင်းထန်ခဲ့သလို သူငယ်ချင်းနှစ်ဦးလည်း တိုက်ပွဲအတွေ့အကြုံများ ရလာခဲ့ပြီးဖြစ်သည်။

ဧပြီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်ကစ၍ ဒီးမော့ဆိုမြို့ မြောက်ဘက် ငါးမိုင်ခန့်အကွာက ဒီးမော့ဆို-လွိုင်ကော်ကားလမ်းဘေးရှိ ပူဖားကျေးရွာ၊ ဒေါကမီးကျေးရွာနှင့် သေးဆူလှည်းကျေးရွာအနီးဝန်းကျင်တွင်အခြေပြုလာသော အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ၁၀၀ နီးပါးကို KNDF တပ်များ ပြန်တိုက်ထုတ်နေခဲ့သည်။

“စစ်ကောင်စီတပ်က လွိုင်ကော်ဘက်ခြမ်းကို နောက်ကျောထားပြီး ဒီရွာတွေပတ်ပတ်လည်မှာ မိုင်းတွေထောင်ပြီး နယ်မြေစိုးမိုးထားတာကို ကျွန်တော်တို့တပ်ရင်း (၆) တပ်ဖွဲ့တွေက စစ်ဆင်ရေးလုပ်ပြီး ရက်ရှည်တိုက်ခိုက်ကြတာပါ၊ သူတို့က လွိုင်ကော်ဘက်ကို ဆုတ်ဆုတ်သွားပြီး ရွာတွေထဲက အိမ်တွေ လမ်းတွေမှာ မိုင်းထောင်ထားကြတာ” ဟု တပ်ရင်း (၆) တပ်ရင်းမှူး ကိုဇော်ရဲထက်ကပြောသည်။

ဧပြီလ ၁၁ ရက်နေ့တွင် တပ်ရင်း (၆) ၏ စစ်ကြောင်းသုံးကြောင်းခွဲကာ စခန်းမှသည် ဒီးမော့ဆိုမြို့စစ်ကောင်စီတပ်များရှိရာသို့ ချီတက်ခဲ့ကြသည်။ ဟင်နရီငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့ရာ ပူဖားကျေးရွာလမ်းတစ်နေရာတွင်ပင် မိုင်းနင်းမိသည်။

“မိုင်းထိကတည်းက တစ်ခါတည်းပြတ်သွားတာပါ၊ သတိတော့မမေ့ဘူး။ ခြေထောက်ပြတ်သွားတာကိုတွေ့လိုက်ရတယ်ဝမ်းတော့နည်းတာပေါ့” ဟု ဟင်နရီက မဇ္ဈိမသို့ ပြန်ပြောပြသည်။

တပ်ရင်းမှူး ကိုဇော်ရဲထက်က “ သူက ညာဘက်ကစစ်ကြောင်း၊ အဲ့ဒီမှာသူထိတဲ့အချိန်ကျတော့ လက်နက်ကြီးတွေလည်းတအားပစ်နေတဲ့အချိန် သူသွေးထွက်တာလည်း တော်တော်များနေပြီ။ ဒါကြောင့်သူ့ကို အရင်တက်စွဲပြီး ဆေးကုပို့ပြန်ပို့လိုက်ရတာ” ဟု ဟင်နရီ၏ ဖြစ်စဉ်အား ပြန်ပြောပြသည်။

ဟင်နရီမိုင်းနင်းမိချိန်တွင် ဗင်းဆင့်က နောက်တန်းကင်းတာဝန်ကျနေသည်။ သူငယ်ချင်းမိုင်းထိသည်ဆိုသည့်သတင်းကိုတော့ ရှေ့တန်းရဲဘော်များက သတင်းပို့သည့်အတွက် တန်းပြီးသိရသည်။ ဟင်နရီ နောက်တန်းရှိဆေးကုသရာနေရာသို့ပြန်ရောက်မှ သူငယ်ချင်းအဖြစ်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။

ဧပြီလ ၂၂ ရက်နေ့မှာ ဗင်းဆင့်တို့စစ်ကြောင်း ကင်းထောက်ထွက်ရသည်။ ပစ်ခတ်သံငြိမ်နေသည့်အခိုက်အတန့် မွန်းလွဲ ၃ နာရီတွင် ကျယ်လောင်လှသော “ဝုန်း” ကနဲ ပေါက်ကွဲသံတစ်ခုထွက်လာသည်။ ဗင်းဆင်းတစ်ကိုယ်လုံးသွေးသံရဲရဲနီသွားကာ နာကျင်မှုကြောင့် အော်ဟစ်ပေမဲ့ အသံကမထွက်၊ မျက်လုံးများလည်းမဖွင့်နိုင်တော့။

ထို့နောက်တပ်ရင်းမှူးအပါအဝင် အနီးရှိရဲဘော်များသူ့အနားကိုအပြေးရောက်လာခဲ့ကြသည်။

“သူ့ကိုတွေ့လိုက်ရတော့ သွေးအိုင်ထဲမှာ ဘယ်ဘက်ခြေထောက်လဲမရှိတော့ဘူး။ ဒါနဲ့ရှေ့တန်းဆေးအဖွဲ့က ပတ်တီးဘာညာစီးပြီး နီးစပ်ရာဆိုင်ကယ်တစ်စီးနဲ့ ဆေးအဖွဲ့ရှိတဲ့နေရာကို ပြန်ပို့လိုက်ရတယ်။ နောက်တော့ပြန်သတင်းရတာက သူ့ဘယ်ဘက်ခြေထောက်ရယ်၊ ညာဘက်မျက်လုံးတစ်လုံးရယ် မဖြစ်မနေဖြတ်မှ ထုတ်မှရမယ်ဆိုတာမျိုးပြန်သိရတယ်” ဟု ကိုဇော်ရဲထက်က ပြန်ပြောပြသည်။

ဗင်းဆင့်နင်းမိသည့် M2 ပလတ်စတစ်မိုင်းကိုနင်းမိသူ ၉၀ ရာခိုင်နှုန်းသည် အသက်ရှင်ကျန်ရစ်ရန်မလွယ်ကူဟု စစ်ကောင်စီတပ်ကိုစွန့်ခွာကာ ပြည်သူဘက်ပူးပေါင်းလာခဲ့သော CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ထိုမိုင်းကို စစ်ကောင်စီတပ်အတွင်း စွန့်လွှတ်မိုင်းဟု ခေါ်ဝေါ်ကြပြီး မိုင်းထောင်ပြီးလျှင် ပြန်လည်ဖော်ထုတ်ပြီး အသတ်မဲ့အောင်လုပ်ရန်အင်မတန်ခက်ခဲသောကြောင့် တပ်ရင်းမှူး၊ စစ်ကြောင်းမှူးကဲ့သို့ ရာထူးကြီးသူများကိုသာ ထိုမိုင်းအမျိုးအစားများ ပေးထားလေ့ရှိသည်ဟုဆိုသည်။

ဗင်းဆင့်အတွက်တော့ သူယုံကြည်ရာဘုရားသခင်ရဲ့ကာကွယ်စောင့်ရှောက်မှုကြောင့်လား၊ ပြည်သူ့မေတ္တာကြောင့်ပေလား သူအသက်ရှင်ကျန်ရစ်ခဲ့သည်။

ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၂၂ ရက်အထိ တိုက်ပွဲငါးပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၆၀ ဦးနှင့်အထက်သေဆုံးပြီး ကရင်နီဘက်မှ ရဲဘော်လေးဦးကျဆုံးကာ ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNDF က ထုတ်ပြန်သည် ။

ယနေ့အချိန်ထိ စစ်ကောင်စီတပ်သည် ထိုရွာသုံးရွာတွင် အင်အား ၃၀ ခန့်စီဖြင့် အထိုင်ချနယ်မြေစိုးမိုးထားစဲဖြစ်သည်။ ရွာသုံးရွာပတ်ဝန်းကျင်တွင် အာဏာသိမ်းတပ်ထောင်ထားသည့်မိုင်းအရေအတွက်မှာ ၃၀၀ နှင့်အထက်မှာရှိနိုင်ကြောင်း ကိုဇော်ရဲထက်က ခန့်မှန်းသည်။

လက်ရှိအချိန်တွင် ဟင်နရီနှင့် ဗင်းဆင့်တို့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများလုပ်နေကြသည်။ ခုနစ်ပေခန့်မြင့်သည့် ဝါးတန်းရှည်တွင် လက်နှစ်ဖက်ကိုအားပြုကာ ခန္ဓာကိုယ်ဆွဲတင်ခြင်းနှင့် ရွှေ့လျားခြင်းများပါဝင်သည်။

ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ချင်သော ဗင်းဆင့်က " ကျွန်တော်ကဘောလုံးသမားအားကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့တာ အခုလိုအခြေအနေမျိုးဆိုတော့မရတော့ဘူးလို့ထင်ပါတယ်” ဟု ပြောသည်။

“ဝမ်းနည်းတာပေါ့နော်။ ကိုယ်သွားချင်တဲ့နေရာကိုလည်း လွတ်လွတ်လပ်လပ်မသွားနိုင်တော့ဘူး။ မျက်စိတစ်ဘက်လည်းမမြင်ရတော့ဘူး “ ဟု ထပ်ပြောရင်း အသံက တိမ်ဝင်သွားသည်။ ခဏနေတော့

သူနောင်တမရကြောင်းနှင့် သူ့ကိုယ်သူ ဂုဏ်ယူကြောင်းပြောသည်။

သို့ပေမဲ့လည်း သူတို့နှစ်ယောက်လုံး တပ်ရင်း (၆) မှာပင် တော်လှန်ရေးအတွင်း ရှေ့တန်းကဆက်လက်တိုက်ပွဲဝင်နိုင်ဖို့က အာသီသပြင်းပြနေကြသည်။

“သေနတ်လိုတယ်အစ်ကို၊ ပြီးတော့ခြေအတုလိုတယ်ဗျ၊ ခြေတုရရင်တော့ ရှေ့တန်းပြန်ထွက်ဦးမယ်ဆုံးဖြတ်ထားတယ်ဗျ” ဟု ဟင်နရီက ပြောသည်။

ငယ်သူငယ်ချင်းနှစ်ဦး ဖိနပ်တစ်ရံကို နှစ်ယောက်စီးထားတာကိုပြရင်း ဗင်းဆင့်ကလည်း “ဆက်လက်တိုက်ပွဲဝင်ကြမယ်၊ တော်လှန်ရေးရဲဘော်တွေလည်းအားတင်းထားပေါ့၊ ဂရုလည်းစိုက်ကြပါ” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly