ဖိလစ်ပိုင်တွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ အားပြင်းငလျင် လှုပ်၊ လူသေဆုံးမှု ရှိ

ဖိလစ်ပိုင်တွင် ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ အားပြင်းငလျင် လှုပ်၊ လူသေဆုံးမှု ရှိ

ဇူလိုင်လ ၂၇ ရက်

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းတွင် ဇူလိုင် ၂၇ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ အားပြင်းငလျင်တစ်ခု လှုပ်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး မြောက်ပိုင်း အက်ဘရာ ပြည်နယ်၌ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်။ အားပြင်းငလျင်၏ တုန်ခါမှုများကို မြို့တော် မနီလာ၌ ခံစားခဲ့ရသည်။

ငလျင်လှုပ်ပြီး ပြိုကျလာသော အပျက်အစီးများကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း အက်ဘရာပြည်နယ် ဒုအုပ်ချုပ်ရေးမှူး ဂျွိုင်း ဘာနို့စ်က ပြောသည်။ ငလျင်သည် ဒိုလောရက်စ်မြို့၏ အရှေ့တောင်ဘက် ၁၁ ကီလိုမီတာ (ခြောက်မိုင်) ခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာ (၆ မိုင်) ကို ဗဟိုပြု လှုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာမှု အချက်အလက်များအရ သိရသည်။

“ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မိမိတို့အနေနဲ့ ဒီ ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသူတွေနဲ့ အကူအညီလိုအပ်သူတွေကို အလျင်အမြန် တုံ့ပြန်ကူညီပေးနေတယ်လို့ ပြောကြားနိုင်ပါတယ်” ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဖေ့ဘွတ်ခ်တွင် ပြောသည်။

ငလျင်သည် မားကို့စ် မိသားစု၏ နိုင်ငံရေး အမာခံနယ်မြေအနီး လှုပ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်ကြောင့် အက်ဘရာ ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အဆိုပါ ဆေးရုံ၌ အဆောက်အအုံတစ်ခု တစ်စိတ်တစ်ဒေသ ပြိုကျခဲ့သော်လည်း ထိခိုက် သေကျေမှု သတင်းထွက်ပေါ်ခြင်း မရှိဟု တာဝန်ရှိသူများက ပြောသည်။

ထိခိုက်ပျက်စီးသွားသော အက်ဘရာ ဆေးရုံ၏ ဓာတ်ပုံများကို ဘာနို့စ်က သူမ၏ ဖေ့ဘွတ်ခ် အကောင့်တွင် တင်ခဲ့ရာတွင် ဆေးရုံအဆောက်အအုံ မျက်နှာစာတွင် ဟောင်းလောင်းပွင့်နေသည့် အပေါက်တစ်ပေါက် ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

“နောက်ဆက်တွဲ ငလျင်ငယ် တုန်ခါမှုတွေကို ခံစားနေရဆဲ ဖြစ်တယ်။ အိမ်တွေ ထိခိုက်ပျက်စီးတယ်ဆိုတဲ့ သတင်းတွေကိုလည်း ရနေတယ်။ ဒါပေမယ့် ခုထက်ထိတော့ သေကျေဒဏ်ရာရမှုတွေ သတင်းတွေ ထပ်မကြားရသေးဘူး” ဟု အက်ဘရာပြည်နယ် လန်ဂန်ဂီလန် မြို့မှ မြို့တော်ဝန် ရို့ဗ်လင်း ဗီလာမိုးက DZRH ရေဒီယိုကို ပြောသည်။

အားပြင်းသည့် နောက်ဆက်တွဲ ငလျင်ငယ်များ ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြောင်း ဖိလစ်ပိုင် မြေငလျင်အေဂျင်စီ ညွှန်ကြားရေးမှူး ရီနာတို ဆိုလီဒမ်က DZRH ရေဒီယိုစတေရှင်ကို ပြောသည်။

“ငလျင်ရဲ့ အဓိက ဗဟိုချက်က အက်ဘရာနဲ့ အနီးအနား ပြည်နယ်တွေဖြစ်ပါတယ်။ ဒါက ကြီးမားတဲ့ ငလျင်တစ်ခု ဖြစ်ပါတယ်” ဟု ဆိုလီဒမ်က ပြောသည်။ ထို့ပြင် မာနာဘို မြို့ အပါအဝင် အက်ဘရာ၏ ဒေသတစ်ချို့တွင် မြေပြိုမှုသတင်းများ ထွက်ပေါ်ခဲ့သည်ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly