စစ်ကောင်စီလက်ထဲ သေဒဏ်ချမှတ်ခံထားရသူများ အသက်အန္တရာယ် စိုးရိမ်ရကြောင်း NUG ပြော

စစ်ကောင်စီလက်ထဲ သေဒဏ်ချမှတ်ခံထားရသူများ အသက်အန္တရာယ် စိုးရိမ်ရကြောင်း NUG ပြော

ဇူလိုင်လ ၂၇ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးခံထားရသူများနှင့် အာဏာသိမ်း စစ်ကောင်စီလက်ထဲ သေဒဏ်ချမှတ်ခံထားရသူများ၏ အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောသည်။

အာဆီယံအပါအဝင် နိုင်ငံတကာကပါ သေဒဏ်မစီရင်ရန် အကြိမ်ကြိမ် တားမြစ်နေသည့်ကြားက ထင်ရှားသော နိုင်ငံရေးသမားနှစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်စီရင်လိုက်ခြင်း ဖြစ်သည်။

“ထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ သူတွေရှိပါတယ်။ ဒီလူတွေရဲ့ အသက်အန္တရာယ် အချိန်မရွေး အသတ်ခံရနိုင်တဲ့အနေအထား ဖြစ်ပါတယ်” ဟု NUG သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

ဒီမိုကရေစီလှုပ်ရှားသူများဖြစ်သော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးအောင်သူရဇော်နှင့် ဦးလှမျိုးအောင်တို့ လေးဦးကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော်လည်း တိကျသော ဖြေရှင်းမှုမျိုး မရှိပေ။

ယခုပြစ်ဒဏ်စီရင်မှုသည် သတ်မှတ်ထားသော ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ “လူသတ်မှု” သာဖြစ်ကြောင်းလည်း ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများက ဇူလိုင်လ ၂၆ ရက်နေ့၊ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

“ရှေ့မှာလည်း လူပေါင်းများစွာကို သတ်ခဲ့တာမှန်ပေမယ့် အခုအဆုံးစွန်ဆုံးကို လုပ်လိုက်တာပဲ၊ သေဒဏ်မပေးဖို့ အားလုံးက ဝိုင်းပြီးဖျောင်းဖျနေတဲ့ကြားက လုပ်လိုက်တာဖြစ်တဲ့တွက်ကြောင့်မို့လို့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင် အပေါင်းအပါတွေဟာ အာဏာတည်မြဲရေးအတွက် အဆုံးစွန်ဆုံး လမ်းကို ရွေးသွားတယ်လို့ သတ်မှတ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။

နိုင်ငံရေး သမား လေးဦးကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်စီရင်ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်း ပုံမှန်အစည်းအဝေးကို ရပ်နားပြီး ယာယီသမ္မတ ဒူဝါလချီးလနှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပါဝင်သည့် အရေးအပေါ် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပပြီး တော်လှန်ရေးကို အရှိန်အဟုတ်မြှင့်တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိ စုဆောင်းကောက်ယူထားသည့်အချက်အလက်များအရ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံနေရသူ ၇၂ ဦးရှိကာ ၎င်းတို့သည်လည်း တရားလက်လွတ်သတ်ဖြတ်ခံရမည့် အလားအလာများရှိကြောင်း AAPP က ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် နိုင်ငံရေးသမား လေးဦးအား သေဒဏ်စီရင်မှုသည် အကျဉ်းထောင်လက်စွဲဥပဒေနှင့် မညီညွတ်ဘဲ “လူသတ်အလောင်းဖျောက်ခြင်းမြောက်ပေသည်” ဟု AAPP က ပြောထားသည်။

အလားတူ စစ်ကောင်စီ၏ ပြစ်ဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂ၊ အာဆီယံနှင့် အမေရိကန်အပါအဝင် နိုင်ငံတကာကလည်း လက်သင့်မခံဘဲ ပြစ်တင်ရှုတ်ချ ကန့်ကွက်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly