ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်၊ ပရဟိတကားကို သိမ်းဆည်း

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကအင်အားတိုးမြှင့်၊ ပရဟိတကားကို သိမ်းဆည်း

ဇူလိုင်လ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ဘုတလင်ရဲစခန်း၊ ထွေအုပ်ရုံးနှင့် အားကစားခန်းမ စုစုပေါင်း သုံးနေရာတွင် စစ်ကောင်စီ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဇူလိုင် ၂၄ ရက်ကစကာ လုံခြုံရေးအင်အားတိုးမြှင့်ထားကြောင်း ဒေသခံများကပြောသည်။

ထို့‌နေရာများသို့ စစ်ကားသုံးစီးဖြင့် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော် ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါနေ့ ညနေပိုင်း၌ပင် လူထုမေတ္တာလူမှုကူညီရေးအသင်းမှ ကားတစ်စီးအား စစ်ကောင်စီတပ်က တားဆီးကာ သိမ်းဆည်းခဲ့ပြီး ယာဥ်မောင်းသူအား ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဆိုသည်။

" ပရဟိတကားက အဲ့ရှေ့ကဖြတ်သွားတာကို တားပြီးကားကိုသိမ်းလိုက်တာ။ ည ၉ နာရီလောက်မှာလည်း မြို့ထဲမှာပတ်ပြီး သေနက်တွေဖောက်တယ်။ သူတို့အင်အားများကြောင်း ပြချင်တာနဲ့တူတယ်။ ကျန်းမာရေးနဲ့ စောင့်ရှောက်ရေးကားတွေကို သိမ်းထားတဲ့အတွက် ကျွန်တော်တို့နယ်တွေမှာ ကျတော့ အခက်အခဲဖြစ်တယ်။ ပြည်သူလူထုမှာ ပိုးထိတဲ့ လူနာရှိရင်ရှိမယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူနာရှိရင်ရှိမယ် ကျွန်တော်တို့က အဲ့ကားတွေကို အသုံးပြုနေရတာ " ဟု ဘုတလင်မြို့ဒေသခံက ရှင်းပြသည်။

စစ်ကောင်စီတပ်သည် လူမှုကူညီရေး ကားများကို သိမ်းဆည်းမှုမှာ ယခုအကြိမ်သည် ဒုတိယ အကြိမ်မြောက် ဖြစ်သည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်သည် ဘုတလင်မြို့တွင် လက်ရှိ၌ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly