မန္တလေးတွင် အိမ်စီးကားအား လုယက်ကာ မောင်းနှင်လာသူအား သတ်ဖြတ်

မန္တလေးတွင် အိမ်စီးကားအား လုယက်ကာ မောင်းနှင်လာသူအား သတ်ဖြတ်

ဇူလိုင်လ ၂၇ ရက်

မန္တလေးမြို့တွင် အိမ်စီးကားမောင်းလာသည့် လူငယ်တစ်ဦး ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီခန့်တွင် ကားလုယက်ခံရပြီး သတ်ဖြတ်ခံလိုက်ရကြောင်း သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်ဘုရားအရှေ့ဘက် ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၁၃၈ လမ်းနှင့် ၁၃၉ လမ်းကြားတွင် ကားလုယက်ခံရမှုက တစ်ဆင့် လူပါအသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“ စက်မှုဇုန်ဘက် ပစ္စည်းသွားယူစရာရှိလို့ဆိုပြီး အိမ်ကနေထွက်သွားတာ။ ပြန်လာချိန်တန်တဲ့အထိ ပြန်မလာလို့ သူ့မိသားစုကလိုက်စုံစမ်းတော့မှ အသတ်ခံရမှန်းသိတာ။ ကားလုရုံတင်မဟုတ်ဘူး လူပါသတ်သွားတယ်” ဟု နီးစပ်သူတစ်ဦးကပြောသည်။

သေဆုံးသူသည် အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာမှ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်း ဆိုသည်။

“ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အလောင်းတစ်လောင်း တွေ့ရကြောင်းဆိုပြီး လူမှုရေးအသင်းတစ်ခုက ပို့စ်တင်တော့မှ သိရတာ။ အလောင်းကမှောက်လျက် အနေအထားနဲ့ မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေတယ်။ ပြည်သူတွေဘ၀က မလုံခြုံတော့ဘူး ” ဟု သေဆုံးသူ၏ ရုပ်အလောင်းအား ဆေးရုံပို့ဆောင်စဉ် တွေ့မြင်ခဲ့ရသူ တစ်ဦးကလည်း အတည်ပြုပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာသိမ်းခံရပြီးချိန်မှစ၍ လုယက်ဓားပြတိုက်မှုတို့ မကြာခဏဖြစ်ပွားနေပြီး ယခုနောက်ပိုင်းလုယက်မှုတချို့တွင် ပစ္စည်းယူပြီးလူသတ်သည်အထိ အတင့်ရဲလာကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly