ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ကျန်းမာရေး ကျွမ်းကျင်အတတ်ပညာရှင်များ ရှားပါးနေ

ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါတွင် ကျန်းမာရေး ကျွမ်းကျင်အတတ်ပညာရှင်များ ရှားပါးနေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် လက်ကီ မာဝတ် ခရိုင်ရှိ ဆေးကုသမှု စင်တာများ၌ ဆရာဝန်နှင့် သူနာပြု ရာထူးနေရာ ၂၅၀ ကျော် လစ်လပ်လျက် ရှိရာတွင် လူနာများကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်မှုအပေါ် အဟန့်အတား ဖြစ်စေလျက် ရှိသည်။

ကျန်းမာရေးဌာနမှ တာဝန်ရှိသူများသည် ဇူလိုင် ၁၉ ရက်က ခရိုင် စီမံအုပ်ချုပ်ရေးအကြီးအကဲ ‌ဖေဇယ် အက်ခ်ဘာနှင့် တွေ့ဆုံစဉ် ကျန်းမာရေးကဏ္ဍ၏ စိုးရိမ်ဖွယ်အခြေအနေနှင့်ပတ်သက်ပြီး အသိပေးတင်ပြခဲ့ကြ သည်။ ခရိုင်ဆေးရုံ၌ ဆရာဝန်ရာထူးနေရာ ၆၀ နေရာနှင့် သူနာပြုရာထူးနေရာ ၂၅ နေရာတို့ လက်ရှိတွင် လစ်လပ် လျက်ရှိသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဆိုးဝါးစွာ ထိခိုက်စေလျက် ရှိကြောင်း ၎င်းတို့က ပြောခဲ့ကြသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ခရိုင် ဆေးရုံတွေ၊ ကျေးလက် ကျန်းမာရေးစင်တာတွေနဲ့ အခြေခံ ကျန်းမာရေး ဌာနတွေမှာ ဝန်ထမ်းအင်အား မလုံလောက်မှုတွေ ရှိနေတယ်။ ဆရာဝန်ရာထူးနေရာ ၁၂၁ နေရာနဲ့ သူနာပြုရာထူးနေရာ ၆၃ နေရာတို့ လစ်လပ် နေတယ်” ဟု တာဝန်ရှိသူများက ပြောသည်။ ထို့ပြင် ဆေးဘက်အကူများနှင့် သူနာပြုများ၏ တည်းခိုဆောင်များ သည်လည်း ကောင်းစွာ ပြုပြင်ထိန်းသိမ်းခြင်း မရှိမှုကြောင့် အသုံးပြု၍ မရဘဲ ဖြစ်နေကြောင်း ၎င်းတို့က ပြောသည်။

ဆေးဘက်အကူများနှင့် သူနာပြုများအတွက် အဆောင်နေရာများကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ပြုပြင်ရန် အစီအစဉ်ရေးဆွဲမှု ကော်မရှင်ဖောင်တစ်ခု ပြင်ဆင်ရန် ခရိုင်စီမံအုပ်ချုပ်မှုအကြီးအကဲက ကျန်းမာရေးအာဏာပိုင်များကို ညွှန်ကြားခဲ့သည်။ ထို့ပြင် တည်းခိုဆောင်များ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးနှင့် လစ်လပ်ရာထူးနေရာများကို လူဖြည့်တင်းရေးအတွက် ရန်ပုံငွေများ ထုတ်ပေးမည်ဟု ၎င်းက အခိုင်အမာ ပြောခဲ့သည်။

ထို့ပြင် ဆေးရုံများ၌ အမှိုက်များကို မီးရှို့ဖျက်ဆီးရန် မီးပြင်းဖိုများ တပ်ဆင်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိ သူတို့က လုပ်ဆောင်ပေးလိမ့်မည်ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly