တရုတ်ဟက်ကာများက အန္တရာယ်ရှိသော ဆိုက်ဘာ လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဘယ်လ်ဂျီယမ် စွပ်စွဲ

တရုတ်ဟက်ကာများက အန္တရာယ်ရှိသော ဆိုက်ဘာ လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဘယ်လ်ဂျီယမ် စွပ်စွဲ

တရုတ်အဖွဲ့အစည်းများအနေဖြင့် လုံခြုံရေးကို ထိခိုက်စေသော အန္တရာယ်ရှိသည့် ဆိုက်ဘာ လှုပ်ရှားမှုများကို မလုပ်ဆောင်ရန် ဘယ်လ်ဂျီယမ်အစိုးရက တရုတ်ကို တိုက်တွန်းလိုက်သည်။

'အန္တရာယ်ရှိသော ဆိုက်ဘာ လှုပ်ရှားမှုများကို တရုတ်ဟက်ကာအဖွဲ့များ လုပ်ဆောင်ခဲ့သည်ဟု ဘယ်လ်ဂျီ ယမ်က တွက်ချက်သုံးသပ်ထားသည်' ဟု ဘယ်လ်ဂျီယံ ဖက်ဒရယ်ပြည်သူ့ဝန်ဆောင်မှု နိုင်ငံခြားရေးရာ၊ နိုင်ငံခြား ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဇူလိုင်လ ၁၈ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘယ်လ်ဂျီယံ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ပစ်မှတ်ထားသည့် တရုတ်ဟက်ကာတို့၏ လှုပ်ရှားမှုများသည် မိမိတို့၏ အချုပ်အခြာအာဏာ၊ ဒီမိုကရေစီ၊ လုံခြုံရေးနှင့် လူ့အဖွဲ့အစည်းကို သိသိသာသာ ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ကုလအဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံထားသည့် တာဝန်သိနိုင်ငံတော်၏ စံနှုန်းများနှင့် ဆန့်ကျင်ပြီး လုပ်ဆောင်နေသည့် ယင်းအန္တရာယ်ရှိသည့် ဆိုက်ဘာလှုပ်ရှားမှုများကို ဘယ်လ်ဂျီယမ်က ပြင်းပြင်းထန်ထန် ရှုတ်ချသည်” ဟု လည်း ရေးသားထားသည်။

“ဒီစံနှုန်းတွေကို လိုက်နာဖို့ တရုတ်အာဏာပိုင်တွေကို ဆက်လက်တိုက်တွန်းလိုက်ပါတယ်” ဟု ဘယ်လ်ဂျီယမ် အစိုးရက ပြောကြားခဲ့ပြီး တရုတ်အစိုးရက လုပ်ဆောင်သင့်သည့် အစီအမံများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း တောင်းဆိုလိုက်သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဘယ်လ်ဂျီယံကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုသည် ယင်း၏ ဝဘ်နှင့်ချိတ်ဆက်ထားသော အိုင်တီစနစ်များကို ရက်အတော်ကြာအောင် ရပ်တန့်စေခဲ့သော်လည်း အရေးကြီး သောအချက်အလက်များကို ဝင်ရောက်ထိုးဖောက်ခံရခြင်းမရှိဟု ဘယ်လ်ဂျီယံလုံခြုံရေးဝန်ဆောင်မှုဌာနများက အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံက ကမကထပြုသည်ဟု စွပ်စွဲထားသော ဟက်ကာများက စပိုင်ဝဲလ်ဖြင့် အဝေးမှ ထိန်းချုပ်ကာ Java အခြေခံ Apache Log4j logging utility ၏ လုံခြုံရေးအားနည်းချက်တစ်ခုကို တိုက်ခိုက်ခဲ့ပြီး မည်သည့် အဖွဲ့က ပြုလုပ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly