မြိုင်မြို့နယ် ကျောက်ကန်ရွာမှ ပြည်သူတစ်ဦးကို PDF က သတ်ဖြတ်သည်ဆိုသော သတင်းမှား

မြိုင်မြို့နယ် ကျောက်ကန်ရွာမှ ပြည်သူတစ်ဦးကို PDF က သတ်ဖြတ်သည်ဆိုသော သတင်းမှား

ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျောက်ကန်ရွာရှိ ပြည်သူတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF များမှသတ်ဖြတ်ခဲ့သည်ဆိုသော သတင်းတစ်ခု တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။  အဆိုပါ ဖော်ပြချက်မှာ မှားယွင်းနေသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်ဖြစ်သည့် တပ်ကြပ်ကြီးဖိုးစည်မှ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ် တွင် “ မြိုင်မြိုနယ်၊ ကျောက်ကန်ရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် PDF က သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ရေဦး၊ နှောကုန်းကျေးရွာကိုလည်း အကြမ်းဖက် PDF က ညအချိန် မီးတင်ရှို့” ဆိုသည့် (မူရင်းအရေးအသားအတိုင်း) သတင်းခေါင်းစဉ်နှင့်အတူ သတင်းရေးသားဖြန့်ဝေခဲ့သည်။

ယင်းသတင်းအား Ko Thet's News နှင့် မှိုင်းဝေ အစရှိသည့်ချန်နယ်များမှလည်း ပြန်လည်ဖြန့်ဝေထား သည်။ ကြည့်ရှုသူပေါင်း ၂၀,၀၀၀ နီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့ဘုတ်တွင်လည်း ဖြန့်ဝေလျက်ရှိနေ သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ သတင်းနှင့်ပတ်သက်သည့် “ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာ” ဟူသည့်စကားလုံးဖြင့် Google တွင်ရှာဖွေခဲ့ရာ ခေတ်သစ်မီဒီယာမှတင်ဆက်ထားသည့် သတင်းတစ်ပုဒ် ကို တွေ့ရသည်။

“ မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်ကသတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီး၊ ရေဦး၊ နှောကုန်းကျေးရွာကိုလည်း စစ်တပ်က ညအချိန် မီးတင်ရှို့" ဟု ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်တွင် အစောဆုံး သတင်းတင်ဆက်ထားသည်။

သတင်းတုသည် ခေတ်သစ်မှတင်ဆက်ထားသည့် သတင်းနှင့်အကြောင်းအရာ၊ အရေးအသားအားလုံး တူညီမှုရှိနေပြီး ကျူးလွန်သူနေရာတွင် စစ်တပ်အစား PDF ဟု လွဲမှားရေးပြီး ဖြန့်ဝေနေခြင်းဖြစ်သည်။

ထို့ပြင် မြိင်မြို့နယ် ကျောက်ကန်ကျေးရွာနှင့် ပတ်သက်၍ VOA မှ ဇူလိုင် ၂၆ ရက်နေ့တွင် "မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ်မြောက်ဖက်က ကျောက်ကန်ကျေးရွာကို ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနေအိမ်တွေမီးရှို့ခဲ့လို့ နေအိမ် ၇၀ နီးပါးလောင်ကျွမ်းခဲ့သလို အရပ်သား ၁ ဦးလည်း မီး လောင်ကျွမ်းပြီး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက်မှာတော့ ဓမ္မသာရ ဘန့်ဘိုး စတဲ့ကျေးရွာတွေက နေအိမ် တွေကို မီးရှို့တာတွေလုပ်ခဲ့ပါတယ်။ ဇူလိုင် ၂၅ ညနေပိုင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေလို့ အရပ်သားတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေ ရပါ တယ်” ဟု သတင်းတင်ဆက်ထားသည်။

RFA မြန်မာပိုင်းမှလည်း မကွေးတိုင်းမြိုင်မြို့နယ်ရှိ ရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဇူလိုင် ၂၅ ရက်တွင် သတင်းရေးသားထုတ်ဝေခဲ့သည်။

ထို့ကြောင့် မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ကန်ရွာရှိ ပြည်သူတစ်ဦးကို PDF က သတ်ဖြတ်ခဲ့သည်ဆို သည်မှာ သတင်းအမှားသာဖြစ်သည်။ လွတ်လပ်သည့်မီဒီယာမှသတင်းဖော်ပြမှုကို တစ်ထပ်တည်းကူးယူ ပြီး စစ်ကောင်စီတပ်မှ ကျူးလွန်သည့်ဖြစ်စဉ်များကိုဖုံးဖိကာ PDF များမှလုပ်ဆောင်ခဲ့သည်ဟု ဝါဒဖြန့်နေ ခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသား ပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required